43

12.8K 2.1K 874
                                    

[Unicode]

'အိမ်သို့ ပြန်ခြင်း'

ဒုတိယနေ့၏ မနက်စောစောတွင်တော့ ယွီဖုန်းချန်နှင့် ပိုင်ရှင်းယွီ သူတို့ခရီးဆောင်အိတ်များဆွဲကာ ကားဖြင့် စစ်တပ်လေဆိပ်သို့ ရောက်သွားကြသည်။ ပိုင်ရှင်းယွီအတွက် စစ်တပ်လေဆိပ်သို့ရောက်ဖူးခြင်းက ဒါ ပထမဆုံးပင်။ သူ့အရှေ့မှ အစိမ်းရောင် သုတ်ထားသည့် လေယာဉ်ပျံကြီးအား မြင်လိုက်ချိန်တွင်တော့ သူ အလွန်ကို စိတ်လှုပ်ရှားသွားတော့သည်။ "အိုက်ရိုး၊ တကယ် မိုက်တယ်"

ယွီဖုန်းချန် ထူးထူးဆန်းဆန်းပြုံးလာသည်။ "ထိုင်လိုက်ရတဲ့အချိန် ပိုလို့တောင် မိုက်တယ်။"

ပိုင်ရှင်းယွီ သူ့မျက်နှာအမူအရာကို နားမလည်တာမို့ သဘောရိုးနှင့်သာ မေးလိုက်သည်။ "တကယ်လား။"

ယွီဖုန်းချန် ပြုံးရုံသာပြုံးပြီး ဘာမှ ပြန်မပြောတော့။ ထို့နောက် သူတို့နှစ်ယောက်လုံး လေယာဉ်ပေါ် တက်လိုက်ကြလေသည်။

လေယာဉ်ပေါ် ရောက်သည်နှင့် ပိုင်ရှင်းယွီ အနည်းငယ်မျှ ကြောင်အသွားတော့သည်။ လေယာဉ်မှာ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုသည့် လေယာဉ်ဖြစ်သည်။ ပုံမှန်အားဖြင့် လူ တင်ခေါ်ခြင်း မရှိတာမို့ ထိုင်ခုံများဟူ၍ သေချာ ရှိမနေ။ လေယာဉ်အတွင်းပိုင်းနံရံနှင့် ကပ်ထားသည့် သစ်သားတန်းနှစ်ခုသာ ရှိနေပြီး ထိုင်ခုံခါးပတ်များကတော့ နံရံပေါ်တွင်ချိတ်ပေးထားရာ အလွန်အမင်းကို လုံခြုံမှု မရှိသလို ခံစားရစေသည်။

သူတို့နှစ်ယောက်အပြင် လေယာဉ်က တပ်အရာရှိအချို့ကိုလည်း သယ်ဆောင်ထားသေးသည်။

ယွီဖုန်းချန်ကတော့ လုံးဝ အံ့ဩသွားပုံမပေါ်ပဲ ထိုင်ချပြီးသည်နှင့် ချက်ချင်းဆိုသလို ခါးပတ်ဆွဲပတ်လိုက်သည်။

ပိုင်ရှင်းယွီ သူ့ဘေးတွင် လိုက်ထိုင်ပြီး အသံတိုးတိုးနှင့် မေးလိုက်သည်။ "စစ်လေယာဉ်တွေအကုန် ဒီလိုပဲလား။"

"အကုန်လုံးတော့ မဟုတ်ဘူး၊ အများစုပေါ့။"

"မင်း စီးဖူးလား။"

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now