100

13.2K 2K 456
                                    

[Unicode]

'ပေါက်ကွဲတော့မယ်၊ ပြေး'

ယွီဖုန်းချန် ထိုခဏလေးအတွင်း အချိန်တွေအကုန် ရပ်တန့်သွားသလို ခံစားလိုက်ရသည်။ သူနှင့် ယန့်ချန်က နှစ်မီတာ၊ သုံးမီတာမျှသာ ကွာဝေးပေမယ့် နှစ်ယောက်သားက တူညီတဲ့ကမ္ဘာတစ်ခုအတွင်း မရှိနေသလိုပင်။ ယန့်ချန်က ပါးစပ်ဖွင့်ဟလျက် တစ်ခုခုလှမ်းပြောနေပေမယ့် သူ ဘာမှ မကြားရ။ သူ့ခေါင်းထဲ တကျီကျီသာ မြည်လျက်ရှိနေပြီး သူ့ခြေချောင်းများကလည်း နေရာမှာတင် အမြစ်ကုပ်တွယ်ထားသကဲ့သို့ဖြစ်နေ၏။

သူ အခုချက်ချင်းတောင် သူ့ကိုယ်သူ သေနတ်နှင့် ပစ်သတ်လိုက်ချင်မိသည်။ သူ ဒီလိုရွေးချယ်ရခြင်းမျိုးနှင့် ထပ်ရင်မဆိုင်ချင်။ အခုချိန် သူ့ရွေးချယ်မှုက ဘာပဲဖြစ်နေပါစေ နောင်တစ်ချိန်ကျ နောင်တရစရာဖြစ်နေမယ်မှန်း သူ သိနေတာကြောင့်ပင်။

ယန့်ချန်မှ ဒေါသတကြီးအော်ပြောလာသည်။ "သွားလေ!"

ယွီဖုန်းချန်ဆိုတာ ငယ်ငယ်ကတည်းက အမြဲလိုလို ဆုံးဖြတ်ချက်ခိုင်မာသူတစ်ယောက်ဖြစ်ခဲ့သည်။ သူ့ဘဝတွင် သူ့အတွက် ဘေးကျပ်နံကျပ်ဖြစ်စေသည့်အခြေအနေဆိုလို့ နှစ်ခုသာရှိပြီး ထိုနှစ်ခုလုံးအတွက် စိတ်မပိုင်းဖြတ်နိုင်ဖြစ်ရခြင်းက ပိုင်ရှင်းယွီနှင့် သက်ဆိုင်နေ၏။ သူ ပိုင်ရှင်းယွီကို တစ်ကြိမ် လက်လွှတ်ခံရပြီးပြီ။ အခုနောက်ထပ်တစ်ကြိမ် သူ ဘယ်လိုလုပ်ပြီး ထပ်လုပ်နိုင်မှာလဲ။ ဒါပေမယ့် အခုအချိန် ထည့်တွက်ရမည့်မေးခွန်းက သူတို့ကြား နာကျည်းချက်များအကြောင်း မဟုတ်ပဲ အသက်အန္တရာယ်ကျသွားနိုင်သူ ဘယ်နှစ်ယောက်ရှိသလဲဆိုတာ ဖြစ်နေသည်။

ယန့်ချန်က တံခါးလက်ကိုင်ကို လှမ်းဆုပ်ရင်း ကြမ်းပြင်ပေါ်မှ ထဖို့ကြိုးစားနေသည်။

ယွီဖုန်းချန် သူ့ကို ကြည့်နေရင်း လက်သီးများ ကျစ်ကျစ်ဆုပ်ထားမိတော့သည်။

ယွီဖုန်းချန် ရူးသွားတော့မတတ်ဖြစ်နေချိန်မှာပဲ အနောက်အစွန်းပိုင်းတွင် ရုတ်တရက် ပေါက်ကွဲမှု ဖြစ်ပွါးကာ မြေပြင်တစ်ခုလုံး တုန်ခါလို့သွားသည်။ ယန့်ချန်ရဲ့တံခါးလက်ကိုင်ကို ဆွဲကိုင်ထားသည့်အားက လျော့နည်းသွားပြီး ကြမ်းပြင်ပေါ်သို့ တစ်ဖန် ပြန်ပြုတ်ကျကာ သူ့ခေါင်းက သမံတလင်းနှင့် သွားရိုက်လေသည်။ အစကတည်းက သွေးများစွာ ဆုံးရှုံးထားတဲ့သူဖြစ်နေတာမို့ အခုအချိန်တွင် သူက အသိတောင် ပြန်မကပ်နိုင်တော့။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now