88

14.9K 2.2K 748
                                    

[Unicode]

'ငါ သေချာပေါက် မင်းကို ပြန်လိုက်မယ်။'

ချန်းကျင်းလည်း သူ့စိတ်ထဲချုပ်တည်းထားသမျှ လွတ်ထွက်သွားတာကို သတိထားမိသွားပုံပင်။ ခွက်အပြည့်ရှိနေသည့် ရေအေးကိုသောက်ချပြီး အသိစိတ် အနည်းငယ်မျှ ပြန်ကပ်လာတာနှင့် ထရပ်ကာ ပိုင်ရှင်းယွီကို နှုတ်ဆက်လျက် ပြန်ဖို့လုပ်တော့သည်။

ပိုင်ရှင်းယွီလည်း သူ့ကို တက္ကစီပေါ် တင်ပေးလိုက်ပြီး မနီးမဝေးတွင်ရှိသည့်ဟိုတယ်သို့ လမ်းလျှောက်ပြန်လိုက်သည်။ သူ့ခေါင်းထဲတွင် အနည်းငယ်မျှ မူးနောက်နောက်ဖြစ်လို့နေသည်။ သူ့အဖျား ဘယ်လောက်ရှိသလဲ သူ မသိ၊ ထို့အပြင် အရက်ကလည်း သောက်ထားသေးတာမို့ သူ့လမ်းလျှောက်ပုံက ဒယိမ်းဒယိုင်ဖြစ်နေတော့သည်။ ဒီလောက်အဖျားလေးက သူ့အပေါ် ဘာသက်ရောက်မှုမှ မရှိသင့်ပေမယ့်လည်း သူ့တကိုယ်လုံး နေရခက်သလို ခံစားနေဆဲ။ သူ စစ်တပ်ထဲ မရှိတော့တာ တစ်နှစ်ကျော်ကြာပြီမို့ ကိုယ်ခံအားလျော့နည်းသွားတာများလား။ သူ နေ့တိုင်း ပြေးဖြစ်အောင်ပြေးတယ်ဆိုပေမယ့်လည်း အရင်က လုပ်ခဲ့ဖူးသည့် ပြင်းပြင်းထန်ထန်လေ့ကျင့်ရေးများနှင့်တော့ တကယ် မယှဉ်နိုင်။

တစ်ခါတစ်လေ ပြန်တွေးကြည့်ပါက တစ်ဘဝလုံးစာ လုပ်သွားနိုင်လိမ့်မည်ဟု ထင်ဖူးသည့်အရာများစွာ သူ့မှာ ရှိခဲ့သည်။ သို့ပေမယ့် တကယ်တမ်းကျ ထိုအရာများက အစဉ်ပြောင်းလဲလျက်ရှိနေသည်။ စစ်တပ်တုန်းက အလေ့အကျင့်များကို ထိန်းသိမ်းထားနိုင်လိမ့်မည်ဟု သူ ထင်ခဲ့ပေမယ့် တကယ်တော့ တဖြည်းဖြည်းနှင့် သူ့ကိုယ်သူ လျော့ပေါ့မိလာသည်။ 'နှင်းကျားသစ်တပ်မဟာ'မှ ရဲဘော်ရဲဘက်များ၏နာမည်တိုင်းကို အမှတ်ရနေလိမ့်မည်ဟု ထင်ထားခဲ့ပေမယ့်လည်း အချိန်ကြာလာသည်နှင့်အမျှ စကားသိပ်မပြောဖြစ်သည့်အချို့တစ်လေ၏မျက်နှာများက သူ့အတွက် ဝေဝေဝါးဝါးဖြစ်လာခဲ့သည်။

ထို့ကြောင့်လည်း တစ်ရက်ရက်မှာများ ယွီဖုန်းချန်ကို အမှတ်ရလာခဲ့ရင် 'အော်၊ အဲ့မြေးသားလေးလား။ ငါတို့ဆက်ဆံရေး အရမ်းကောင်းခဲ့တာလေ။' ဟူ၍ ဘာမှမဖြစ်သလိုပြောလာနိုင်မည်ဟု သူ ယုံကြည်ခဲ့သည်။ အခုတော့ မလုပ်နိုင်သေးပေမယ့် တစ်နေ့နေ့တစ်ချိန်ချိန်ကျရင်တော့ လုပ်နိုင်လောက်မှာပင်။ ထို့အတွက်ကြောင့်လည်း အခု ဝမ်းနည်းနေရင်တောင်မှ သူ့စိတ်ထဲ အလေးအနက်ထားခြင်းမရှိတော့၊ သူ ဒီတိုင်း .. ဒီတိုင်း စိတ်တိုမိရုံသာ။

Xiao Bai Yang ||Myanmar Translation|| Where stories live. Discover now