Part-1

3.7K 109 4
                                    

ငြိမ်းသောတောတောင်အား ဓာတ်ပြု၍တိုက်ခတ်လာသောလေနုအေးအေးသည် နွေရာသီဖြစ်သည့်တိုင် အေးမြနေသည်။

ထိုဝသုန်ဖျဖျသည် ချောကလက်ပူတစ်ခွက်ကိုင်ကာ ရပ်နေသော ဇွဲရောင်ထင် ၏အနက်ရောင်ဆံပင်ပွပွကို ကလူကျီစယ်သွားသည်။ပွရောင်းရောင်းဆံပင်အုံမှာ ဝှေ့လာသောလေကြောင့် ပို၍ရှုပ်ထွေးလှုပ်ခတ်သွားလေသည်။သူသည် မျက်စိရှေ့ကမြင်ကွင်းကို အကြည့်မခွာနိုင်သောကြောင့် ဆံပင်သပ်တင်ခြင်းအမှုကိုလည်းမပြုနိုင်။

"ကိုကို ငါနေရာရွေးတာမှန်သွားတယ်မလား လှတယ်နော်"

ဇွဲရောင်ထင်နှင့်ရုပ်ချင်းဆင်တူသော အမွှာညီမ ဖြစ်သူဇလပ်ရောင်ထင်သည် သူရပ်နေသောဘေးနားရောက်လာ၍မေးသည်။

"အင်း ပြန်တောင်မပြန်ချင်တော့ဘူး"

ရယ်ကျဲကျဲပြောလိုက်တော့ သူမပါခေါင်းယမ်း၍လိုက်ရယ်သည်။သူရပ်နေသောနေရာသည် နယူးဇီလန်နိုင်ငံ Ohakune မြို့တွင်ရှိသော Ossie's တိုက်ခန်းငယ်လေးတစ်ခုတွင်ဖြစ်၏။မျက်စိရှေ့ရှိသော ရေခဲဖုံးနေသည့်တောင်ကြီး ရှုတည်နေသည့်မြင်ကွင်းသည် သူ့အဖို့အလွန်တရာဆွဲဆောင်လွန်းလှသည်ဆိုမမှား။

ဥတုသုံးပါးမရွေး ရေခဲလွှမ်းနေသော Ruapehu တောင်သည် ဂျပန်မှ ဖူဂျီတောင်လိုအသွင်မျိုးဖြစ်သည်။တန်းနေသော ပြေလျော့လျော့အသွင်တောင်တန်းဖြူဖြူကိုနောက်ခံထားကာ စိမ်းစိုနေသော နွေရာသီလယ်ကွင်းများကလေနုနှင်ရာယိမ်းနေသည်။တိမ်ကင်းစင်၍ပြာလဲ့နေသောကောင်းကင်သည် ထိုသဘာဝအလှကိုထောက်ပံ့ပေးနေသဖြင့် ဇွဲရောင်ထင်အတွက်တော့ရှုမငြီးစရာမြင်ကွင်းဖြစ်၍ ကြည့်မဝနိုင်ရှိတော့သည်။

အမွှာဆိုပေသည့် သူ့ထက်ပို၍ကြိုးစားကာ စရိုက်ခြင်းကွဲသော ဇလပ်မှာ စကောလားရှစ်ဖြင့် နယူးဇီလန်တောင်ပိုင်း Ohakune ပြည်နယ်ရှိ Ruapehu ကောလိပ်တွင် တတ်ရောက်ဆည်းပူးနေသည်မှာ ၂ နှစ်ရှိပြီဖြစ်သော်လည်း  သူကအခုမှလာလည်ဖြစ်သည်။ထက်မြတ်သောသူမအတွက်ပူပင်စရာဟူ၍မရှိပေမယ့် ဇွဲရောင်ထင်မှာ နွေရာသီကျောင်းပိတ်၍ အလေလိုက်မည်ဟုကြံလိုက်ကာမှ ချစ်လှစွာသောမာတာမိခင်က သူ့သမီးလေးအားသွားရောက်ကြည့်ရှုပေးပါဆိုသောကြောင့် ရောက်ရှိလာခြင်းဖြစ်၏။ရောက်မှ အတော်သဘောကျကာမခွဲနိုင်မခွာနိုင်ဖြစ်တော့သည်။

The Moonlit Trunk(လရောင်ပင်စည်)Where stories live. Discover now