Part-28

380 39 6
                                    

ဇွဲရောင်ထင် အိမ်ထဲဝင်လျှင်ဝင်လိုက်ခြင်း မှောင်မည်းနေသော ဧည့်ခန်းကြောင့် ကိုကို အပြင်ထွက်သွားတာများလားဟု တွေးမိလိုက်သည်။

အိမ်ပေါက်ဝတွင် ဖိနပ်ကိုသေချာချွတ်ကာ ဖိနပ်စင်ပေါ်သေသေသပ်သပ်တင်ခဲ့ပြီး သူအိမ်ထဲသို့ဝင်လာခဲ့သည်။မီးဖိုချောင်ကိုဖြတ်လျှောက်၍ ဧည့်ခန်းသို့စမ်းတစ်ဝါးဝါးဖြင့် မီးခလုတ်ဖွင့်ရန်သွားလိုက်သည်။စမ်းမိစမ်းရာဖြင့် မီးခလုတ်ကိုဖွင့်လိုက်စဥ် တစ်အိမ်လုံး လင်းကျင်းသွားသည်နှင့်အတူ ဆိုဖာပေါ်တွင် ဒူးတစ်ဖတ်ထောင်၍ ထိုင်နေသော ကိုကို့ကြောင့် ရောင်ထင် လိပ်ပြာလွင့်မတတ် လန့်သွားခဲ့သည်။

"ဘုရား လန့်လိုက်တာဗျာ"

ကိုကိုသည် အနည်းငယ်မျှပင်တုတ်တုတ်မလှုပ်ပါဘဲ သူ့အား တည်တင်းလျက်စိုက်ကြည့်နေသည်။ထောင်ထားသည့် ဒူးခေါင်းပေါ်တင်ထားသော ကိုကို့လက်ချောင်းများကြားတွင် စီးကရက်အတိုလေးတစ်ခုရှိနေသည်ကို ရောင်ထင် မမျှော်လင့်ဘဲတွေ့လိုက်ရသည်။ရောင်ထင်ကြောင်အ,စွာ ငေးမောစိုက်ကြည့်နေတော့ ကိုကိုသည် သူ့ဆီမှ အကြည့်မလွှဲဘဲ စီးကရက်အဖြူအား ပါးစပ်တွင်တေ့၍ ဖွာရှိုက်လိုက်သည်။မီးခိုးလုံးတို့ကို နှာခေါင်းမှ မှုတ်ထုတ်လိုက်သော ကိုကို့အသွင်သည် အငွေ့အခိုးများကြားတွင် သူနှင့်စိမ်းသက်စွာ အေးစက်နေသည်။

"ဒါဘယ်ကပြန်လာတာလဲ"

ခြောက်သွေ့အက်ကွဲနေသော အသံသည် ကိုကို့ဆီမှထွက်လာသောအခါ ရောင်ထင် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လိုက်မိသည်။အခုသူ့ပုံစံသည် အဆူခံနေရသော ယုန်ကလေးနှယ် နားရွက်ကလေးများကုပ်ကာ ငြိမ်သက်နေသည်။မျက်လုံးများအား ဟိုဟိုဒီဒီကစား၍ သူ ချွေးစေးများပြန်လာကာ စကားလုံးတို့ထွက်အောင် မနည်းပင်အားယူလိုက်ရသည်။ကိုကို့ပုံစံသည် အမှုမှန်ပေါ်ပေါက်အောင် ဖျစ်ညှစ်မေးနေသည့်စစ်ဆေးရေးမှူးအသွင်ပေါက်နေသည်။ရောင်ထင် ကိုကို့မျက်လုံးများကိုမရဲတရဲကြည့်လိုက်မိသော် ခဲတောက်နေသောအရိပ်အယောင်သာရှိသည်။

ရိုးရာမောင်သည် မူပျက်နေသော ကောင်လေးကို တစ်ကိုယ်လုံး စုန်ချည်ဆန်ချည်ကြည့်နေလိုက်မိသည်။အသားကုန်ဖိညှစ်ထားသော လက်နှစ်ဖတ်လုံးမှာ သွေးလည်ပတ်မှုရပ်တန့်ခြင်းကြောင့် ဖြူလျော့နေသည်။အကြည့်ခြင်းမဆုံဘဲ မျက်လုံးလွှဲနေသည်မှာ အကဲခတ်လိုက်ယုံနှင့် တစ်စုံတစ်ခုဖုံးကွယ်ထားသည်မှန်း သိသာအထိ။

The Moonlit Trunk(လရောင်ပင်စည်)Where stories live. Discover now