၁၂

2.1K 221 14
                                    

ရွှေပိန်းချကနုတ်ပန်းခက်တို့ဝန်းရံထားသော ခပ်ဝါဝါကြေးမုံပြင်ဝယ် လှပသော မိန်းမပျိုတစ်ယောက်၏ ပုံရိပ်က ထင်ဟပ်နေသည်။အနည်းငယ် ထူထဲသော မျက်ခုံးသွယ်သွယ်နှင့် နီမြန်းသော နှုတ်ခမ်းပါး တို့ဟာ တစ်စုံတရာခြယ်သထားခြင်းမရှိဘဲ သဘာဝအတိုင်းသာဖြစ်သည်။အရည်ကြည်တို့ရွန်းလဲ့နေသော မျက်ဝန်းတစ်စုံဟာ ဖြူဖွေးသော အသားအရည်အကြောင့် ပိုလို့ပင် နက်မှောင်နေပေသည်။ အနားရှိ အထိန်းတော်ကြီး ကမ်းပေးလာသော ပိုးပဝါပါးစကိုယူကာ နှာခေါင်းအပေါ်မှအုပ်ကာ စည်းလိုက်ပြီး မျက်နှာတစ်ဝက်နှင့် ရင်ညွန့်အထိ ဖုံးအုပ်ထားလိုက်သည်။

"အရှင့်သား အဆင်ချောပါ့မလား "

" ခမည်းတော်ဆီ အခုသွားမှဖြစ်မယ် "

ထဘီအနားစကို လက်ဖျားဖြင့် မကိုင်ကာ ခမည်းတော်ဘုရင်မင်းမြတ်ရှိတာ ရွှေနန်းဆောင်ဆီ လျှောက်လာခဲ့သည်။ လမ်းတစ်လျှောက်ရှိ နန်းတွင်းအပျိုတော်တွေ အမှုထမ်းတွေကတော့ တစ်ခါမှမတွေ့မမြင်ဖူးသည့် စုဖုရားလေးကို ငေးကြည့်နေခဲ့ကြသည်။ ပိတုန်းရောင်ကေသာကို ရိုးရိုးရှင်းရှင်းထုံးဖွဲ့ထားကာ အဆင်တန်ဆာဟူ၍ ရွှေဆံထိုးတစ်ခုသာ ဆင်ယင်ထားသော်ငြား တပင်တိုင်နန်းအရှင်ပေမို့ အရှိန်အဝါကမသေးလှ။ ပိုးပဝါပါးဖုံးကွယ်ထားသဖြင့် မျက်နှာတော်ကို မမြင်ရပေမယ့် မဟူရာမျက်ဝန်းကပင် ဆွဲဆောင်မှုရှိနေသည်။ အပျိုတော်တွေထက် မြင့်မားသော အရပ်ကြောင့် အချို့သော အမှုထမ်းများပင် မင်းသမီးလေးကို ဝေခွဲမရသော အကြည့်တို့ဖြင့် ကြည့်နေကြသည်။

နန်းဆောင်ထဲ ဝင်လျှင်ဝင်ချင်းမှာပဲ ခမည်းတော်အရှေ့တွင် အခစားဝင်နေကြသည့် မှူးကြီးမတ်ရာအချို့ရှိနေခဲ့သည်။ ခမည်းတော်၏ဘေးဘက်မှာတော့ မိဖုရားခေါင်ကြီးပါ စံမြန်းနေခဲ့သည်။

" မင်းသမီးကလေး အခစားဝင်လာပြီပဲ မောင်ဘုရားရဲ့ "

ပြုံးပျော်နေသော မိဖုရားခေါင်ကြီး၏အသံဟာ အခြားသူများပင်သတိထားလောက်မိပေမည်။အရှေ့တည့်တည့်တွင်ထိုင်နေသော အိမ်ရှေ့စံဟာလည်း တစ်ချက်လှည့်ကြည့်လာသည်။ တစ်မျိုးထူးဆန်းနေသော အိမ်ရှေ့စံ၏အကြည့်တွေကြောင့် စိတ်ရှုပ်သွားသလိုပင် ခံစားလိုက်သည်။

တပင်တိုင်နန်း..စံမြန်းလေသူ _Completed Where stories live. Discover now