၁၅

2.1K 212 10
                                    

မြင်းခွာသံတခွပ်ခွပ်နှင့်အတူ တလိပ်လိပ်တက်လာသော ဖုန်လုံးများဟာ  ​တစ်စတစ်စ အနောက်မှာကျန်နေခဲ့သည်။ စီးတော်မြင်း၏ တဟီးဟီးမြည်သံကြောင့်  ခေတ္တခဏ အနားယူရန်  အရိပ်ရအပင်ကြီးအောက် ခိုဝင်လိုက်ကြသည်။ အခြွေအရံများကို ခရီးအစကတည်းက ခေါ်ဆောင်လာခြင်းမရှိသဖြင့် အပြန်ခရီးတွင်လည်း သူနှင့် စောလှနှစ်ဦးတည်းသာ။ ပင်စည်ကို မှီထိုင်ရင်း အင်္ကျီထည် ထည့်လာသော ယွန်းသေတ္တာငယ်ကို ထုတ်ယူကြည့်မိသည်။

" ဘယက်လေးကို ပြန်ယူသွားပါ အမောင်   လက်ဆက်ပွဲရောက်မှ အမောင်ကိုယ်တိုင် ဝတ်ဆင်ပေးပေါ့   "

စုဖုရားလေး၏ စကားသံကို ပြန်ကြားယောင်မိတော့  မျက်နှာထက်တွင် ပြုံးရိပ်ထင်လာသည်။ အနားမှာ ရပ်နေသည့် စောလှ ကတော့  အပြောင်းအလဲတွေကို သတိထားမိနေလေရာ  အရှင်သခင်ဖြစ်သူကို သတိပေးသလို လျှောက်တင်မိသည်။

" အရှင့်သား  အိပ်မက်ကမ္ဘာထဲမှာ ဘယ်လိုပဲပျော်မွေ့နေပါစေ အချိန်တန်ရင် နိုးထလာရစမြဲပဲ    သတိထားတော်မူပါ ဘုရား  "

" ကိုယ်တော်သိတယ် စောလှ မှတ်ထား  ကိုယ်တော်က အိပ်မက်ကို လက်တွေ့ဖန်တီးမယ့်သူပဲ  "

စကားဆုံးသည်နှင့် ယွန်းသေတ္တာကို ပြန်သိမ်းကာ စီးတော်မြင်းပေါ်လွှားကနဲခုန်တက်လိုက်သဖြင့်  စောလှလည်း  အနားရှိမြင်းပေါ် အမြန်ခုန်တက်လိုက်ရသည်။ အရှေ့မှ စီးနှင်နေသော သခင့်ကို ကြည့်ရင်း သက်ပြင်းမောတို့ ပင့်သက်ရှိုက်ရသည်။

နန်းတော်သို့ ပြန်ရောက်လျှင်ရောက်ချင်း ထိပ်စုမြတ်ဖုရားကို လာရောက်တောင်းရမ်းသည့် သံတမန်အဖွဲ့ရောက်ရှိနေကြောင်း သိလိုက်ရသည်။ ခရီးရောက်မဆိုက် အနားပင်မယူနိုင်ဘဲပင်မနန်းဆောင်ဆီ အပြေးအလွှား အခစားဝင်လေတော့  စောလှခမြာမှာလည်း အနောက်ကလိုက်ရပြန်သည်။ မျက်နှာထားတည်တင်းကာ  စကားတစ်ခွန်းမဆိုလေသော အိမ်ရှေ့စံကိုကြည့်ရင်း ရယ်မောလိုက်မိလျှင် အမျက်တော်ရှမည်စိုးသဖြင့်  မနည်းကို စိတ်ထိန်းထားရသည်။  သူတစ်ပါး၏ သမီးတော်ကို သွားရောက်တောင်းရမ်းစဥ်ကတော့  ကြည်လင်ရွှင်ပျနေခဲ့ပြီး နှမတော် မင်းသမီးကို လာရောက်တောင်းရမ်းခံရတော့ မျက်နှာတော်က. အုံ့မှိုင်းလို့နေသည်။

တပင်တိုင်နန်း..စံမြန်းလေသူ _Completed Where stories live. Discover now