၂၂

2K 195 4
                                    

အနောက်တောင်စွယ်သို့ကွန်းခိုလုပြီဖြစ်သောနေမင်းသည် ပတ္တမြားနှယ်ရောင်ခြည်တို့ ဖြာကျကာ ​မှေးစက်ရန်ပြင်နေချေပြီ။ ကွင်းပြင်ကျယ်ထဲတွင် ဆော့ကစားနေသော ကလေးများသည် နေဝင်ချိန်ကိုပင် သတိမမူမိဘဲ အော်ဟစ်ပျော်ရွှင်နေကြသည်။ ထန်းရွက်မိုးသည့် တဲတစ်ခုထဲမှ လှမ်းခေါ်လိုက်သည့် အော်သံကြောင့်  ဆော့ကစားနေခြင်းကို ရပ်တန့်ကာ  တဲဆီသို့ ပြေးသွားကြသည့်ကလေးများကြောင့်  ဖုန်လုံးတွေက တလိမ့်လိမ့်တက်လာပြန်သည်။

" သူငယ်တို့  အိမ်ပြန်ချိန်တန်ပြီ   "

" ဆရာ  ကျုပ်တို့မနက်ဖြန်လည်း လာခဲ့မယ်နော်  "

ကလေးအုပ်စုထဲတွင် အရပ်ရှည်ရှည်ထွားကျိုင်းပါသည့်  ကောင်လေးတစ်ယောက်ကပြောလာသည်။ဆံရစ်ဝိုင်းဝဲဝဲတွင်  ဆော့ကစားထားသည့် ဖုန်မှုန့်တို့က ပေကျံနေကာ မျက်နှာထက်တွင်လည်း ညစ်ပေလျက်ရှိသည်။ ထိုကလေးတစ်ယောက်တည်းတင်သာမဟုတ်ချေ။ အခြားကလေးများသည်လည်း ထို့အတူသာပင် ညစ်ပေလျက်ရှိသည်။ ဆရာဟုအခေါ်ခံရသော သူဟာ တဲအတွင်းမှ ထွက်လာကာ ကလေးတွေကို ပြုံးပြရင်း ဆိုသည်။

" မနက်ဖြန်က ဥပုသ်နေ့လေ ရွာဦးကျောင်းကို သွားရမယ်  နောက်ရက်မှ ပြန်လာခဲ့ကြ   "

" ကောင်းပါပြီ  "

နှုတ်ဆက်ကာ ပြန်သွားကြသော ကလေးတွေကို ငေးကြည့်ရင်း  အိမ်ပြန်ရန်ပြင်ဆင်ရတော့သည်။ မှောင်ရီပျိုးစပြုပြီမို့ အလင်းရောင်မကျန်တော့သော  အခိုက်ဝယ်   သဲထူထူတောလမ်းထက် တစ်ယောက်တည်းလျှောက်လမ်းလာရင်း အတွေးရေစီးထဲမြောသွားသည်။

ဖခမည်းတော် နတ်ရွာစံပြီးနောက်  လူသူမသိသောအရပ်မှာ ပုန်းကွယ်နေထိုင်ခဲ့ရသည်။ မင်းအသစ်ဖြစ်သော  နောင်တော်ကြီးဟာ သူ့ကို အလွတ်မပေးဘဲ လိုက်ရှာမြဲဖြစ်သဖြင့်  နေရာတစ်ခုတည်းမှာ အခြေမချရဲခဲ့ပေ။ သင့်လျော်သလိုရွှေ့ပြောင်းရင်း  ဟောသည်ရွာငယ်ဇနပုဒ်မှာတော့ နေထိုင်ခဲ့သည်မှာ လအတန်ကြာခဲ့ပေပြီ။ရွာထဲရှိ ကလေးသူငယ်များကို  စာရေးစာဖတ်သင်ပေးရင်း  အေးအေးချမ်းချမ်းနေထိုင်နေခဲ့သည်။

တပင်တိုင်နန်း..စံမြန်းလေသူ _Completed Tempat cerita menjadi hidup. Temukan sekarang