၂၄

1.9K 189 7
                                    

ကံကြမ္မာအလှည့်အပြောင်းကို ဘယ်သူမှကြိုမမြင်နိုင်ကြောင်း လက်တွေ့ခံစားမိသည့်အချိန်ပါပင်။ အိမ်ရှေ့စံကြင်ယာတော်ဖြစ်ဖို့ နန်းတော်မှ ထွက်လာခဲ့ပေမယ့် နဒီဝဠာ တိုင်းသို့ပင်မရောက်ခဲ့ရ။ အိမ်ရှေ့စံ၏ အသိမိတ်ဆွေအနေဖြင့်သာ နန်းတော်အထိ လိုက်ပါလာခဲ့ရသည်။ အမောင်နှင့်ဆုံလေတိုင်း အမျိုးသမီးဝတ်စုံကိုသာ ဝတ်ဆင်ပြီး မျက်နှာကို ပဝါအုပ်ထားခဲ့ပေမယ့်   ယခုတစ်ကြိမ် ဆုံတွေ့စဥ်မှာတော့  မှတ်မိသွားမည်ကို စိုးလှပေသည်။  အမောင် ဆိုတာ သိပ်ကို ပါးနပ်သည့်သူမျိုး မဟုတ်ပါလား။

"  ရောက်ပြီ  အဆွေသိင်္ဂတို့  ဆင်းခဲ့လို့ရပါပြီ "

ကိုယ်ရံတော်စောလှ၏အသံကြောင့် အထိန်းတော်ကြီးမှာ အနည်းငယ် လန့်ဖြန့်သွားရှာသည်။ ရင်တထိတ်ထိတ်ဖြင့်  ရထားလုံးထဲ လိုက်ပါလာရင်း  အမှန်တကယ် ဆုံတွေ့ရမည့်အချိန်မှာတော့   စိုးရိမ်ပူပန်နေမှုထက်  မျက်နှာကို မြင်တွေ့လိုစိတ်ကသာ ကြီးစိုးနေခဲ့သည်။ ရထားလုံးပေါ်မှ ဆင်းကာ  ခေါင်းပေါ်တွင်ပဝါဆောင်းထားသော အထိန်းတော်ကြီးကို ကူတွဲခေါ်ရင်း  ခြံဝန်းအတွင်းသို့ဝင်ရောက်လာခဲ့သည်။

အဆောင်တော်အမျိုးမျိုးကို ဖြတ်ကျော်ခဲ့ရာလမ်းတစ်လျှောက်တွင် သစ်ပင်ပန်းမန်မျိုးစုံကိုလည်း စိုက်ပျိုးထားလေသည်။ အမှုထမ်းများနှင့်  အပျိုတော်များကိုလည်း  ဟိုဟိုသည်သည်သွားလာနေကြသည်ကို မြင်တွေ့ရသည်။ ပွင့်ဖူးနေသော  နှင်းဆီဝတ်လွှာတွေကို ခြွေယူနေသည့် အပျိုတော်များဟာ  စကားစမြည်ပြောဆိုရင်း တခစ်ခစ်ရယ်မောနေကြပေသည်။ ပန်းမျိုးစုံရနံ့တွေကြိုင်လှိုင်နေသော နန်းဆောင်တစ်ခုအရှေ့အရောက်တွင်  စောလှက ခြေစုံရပ်လိုက်ပြီးနောက်  အနောက်ကို ပြန်လှည့်ကြည့်လာသည်။

" အထဲမှာ အရှင့်သား စောင့်မျှော်နေပါတယ်  အဆွေဝင်သွားလိုက်ပါ   အမိကိုတော့  နားနေဖို့ အဆောင်တစ်ခုဆီ ပို့ဆောင်လိုက်ပါ့မယ်   "

အထိန်းတော်ကြီး၏စိတ်မချသော မျက်ဝန်းတို့အား လျစ်လျူရှုရင်း  အဆောင်တော်ထဲကို ဝင်ရောက်လိုက်သည်။ အမွှေးရနံ့တို့သင်းပျံ့နေသည်မှ အပ အခြွေအရံများ အပျိုတော်များကို မတွေ့ရပေ။ အခန်းတွင်းဝေ့ဝိုက်ကြည့်နေဆဲမှာပင်  ခန်းစီးစလွှားထားသော အခန်းတွင်းမှ အသံထွက်လာသည်။

တပင်တိုင်နန်း..စံမြန်းလေသူ _Completed Where stories live. Discover now