၁၇

2K 203 5
                                    

ပုံမှန်အချိန်ဆိုလျှင် တိတ်ဆိတ်ကာ အထီးကျန် နေသလို တည်ရှိနေတတ်သည့် တပင်တိုင်မြနန်းဟာ ယနေ့မှာတော့ အခြွေအရံတစ်သိုက်ဖြင့် ဆူဆူညံညံ သက်ဝင်လှုပ်ရှားလို့နေပေသည်။ နန်းဆောင်အတွင်းရှိ အသုံးအဆောင်တချို့ကို ထုပ်ပိုးနေကြရင်း စကားတွတ်ထိုးနေကြသည်။ တပင်တိုင်နန်း၏အရှင်သခင်ကတော့ သလွန်ထက်လဲလျောင်းရင်း ငေးကြည့်နေကာ စကားတစ်ခွန်းမှ ဆိုမလာခဲ့။

" အရှင်မ အထောက်တော်အဖွဲ့တွေ စောင့်ဆိုင်းနေပါပြီ  ဝေါယာဥ်ပေါ်ကို ကြွပါ "

ထဘီကိုစွန်တောင်ဆွဲရင်း နန်းဆောင်ရှေ့ရပ်ထားသည့် ရထားလုံးယာဥ်ပေါ်သို့ တက်လိုက်သည်။ အထိန်းတော်ကြီးက လှည်း၏ဘေးတွင် လမ်းလျှောက်ရင်း လိုက်ပါလာမည်ဖြစ်သည်။ အထောက်တော်အဖွဲ့ကတော့ ရှေ့ကနေဦးဆောင်ရင်း တရွေ့ရွေ့ဖြင့် နန်းတော်ထဲမှ ထွက်လာကြသည်။ ဝေဠုဝတ္တ နန်းတော်အတွင်းရှိ အမှုထမ်းများမှာတော့  မြေပြင်ပေါ်ဝပ်တွားရင်း  တပင်တိုင်မင်းသမီးကို  အရိုအသေပေးကာ ကျန်နေရစ်ခဲ့ကြသည်။

လှည်းအတွင်းထိုင်လိုက်သည်နှင့် မျက်နှာကို ဖုံးကွယ်ထားသော ပဝါပါးအား ဆွဲချွတ်လိုက်သည်။ ပြတင်းပေါက်ငယ်လေးကြားတွင် ညှပ်ထားသော စာရွက်အတိုလေးအား အသာဆွဲယူကာ ဖတ်ကြည့်လိုက်သည်။

"  နယ်စပ်တောအုပ်"

ဒါဟာ ဖခမည်းတော်ရဲ့အစီစဥ်အတိုင်း လုပ်ကြံသူတွေပေါ်လာမည့်နေရာပင်။ ကိုယ်ရံတော်သည်လည်း ထိုအဖွဲ့မှာရှိနေလိမ့်မည်။ အရာအားလုံး အစီစဥ်တကျဖြစ်ဖို့သာ ဆုတောင်းရတော့သည်။ နေမွန်းတည့်ချိန် ခရီးတစ်ထောက်နားကာ နဒီဝဠာ တိုင်းထဲသို့ နွားရိုင်းသွင်းချိန်အရောက် ခရီးဆက်ကြမည်ဟု လျှောက်ထားလာသည်။ တရွေ့ရွေ့မောင်းနှင်နေသော လှည်းနှင့်အတူ  စိတ်ထဲမှာလည်း တဖြည်းဖြည်း မွန်းကြပ်လာခဲ့သည်။ သိမ်းထားသည့် ပတ္တမြားလက်စွပ်ကို ထုတ်ယူကြည့်ရင်း  နန်းတော်မှာ စောင့်မျှော်နေမည့်သူကို တွေးမိသည်။

" အဖြစ်မှန်တွေကိုသာ သိခဲ့ရင် အမောင် စိတ်နာသွားလေမလား  "

ဘယ်တုန်းကမှမရှိခဲ့သည့် တပင်တိုင်မင်းသမီး ။လက်ဆက်ဖို့အလာမှာ သေဆုံးသွားခဲ့ပြီဆိုသည့်အဖြစ်ကို လက်ခံနိုင်ပါ့မလား ။ စစ်မှန်သည့်မေတ္တာတွေပေးခဲ့လေသော အမောင့်အား အတုအယောင်တွေသာ ပြန်တုံ့ပြန်ခဲ့သည်မို့ အားနားရသည်။ ရီဝေဝေအကြည့်နဲ့အပြုံးတွေဟာ  သူ့ကြောင့်ပဲ ပျောက်ကွယ်သွားရတော့မည်။ ဆက်ပြီးကြည့်နေပေးဖို့ ၊ဆက်ပြီး ပြုံးပြပေးဖို့ကို တောင်းဆိုချင်ပေမယ့်  ရနိုင်မည်မဟုတ်တာကိုလည်း သိထားပါရဲ့ ။ အမောင် ချစ်မြတ်နိုးခဲ့တာ  မဏိသိင်္ဂီ ဆိုသော မင်းသမီးကိုပင်။  မဏိသိင်္ဂ ဆိုသော မင်းသားကို မဟုတ်ခဲ့ ။ မဏိသိင်္ဂ ကိုသာ သိသွားခဲ့ရင်  လက်စွဲတော်ဓားနဲ့တောင် ခုတ်ပိုင်းလိမ့်မည်ထင်သည်။

တပင်တိုင်နန်း..စံမြန်းလေသူ _Completed Where stories live. Discover now