23

3.6K 235 16
                                    

“ပြန်မလာတော့ဘူး ထင်နေတာ လရောင်သသရာ”

မျက်တောင်ရှည်ကြီးတွေ ညွတ်ကျသွားပြီး မျက်လွှာချထားသူကို ကြည့်ကာ အံ့ကျူး နင့်နင့်နဲနဲပြောမိသည်။မေးဖျားကနေ ဆွဲပင့်ကာ မျက်လုံးချင်းဆုံဖို့ ကြိုးစားတော့ လက်မခံ။ခေါင်းကို ငုံ့မြဲသာငုံ့ထားသည်။

“အာ့”

သတိမပြုမိပဲ အားသုံးကာ မေးဖျားကို ဖျစ်ညှစ်မိတော့ နာသွားသည်ထင်သည်၊ညည်းသံ ထွက်လာသည်။

“ဆော...ဆောရီး၊ နာသွားလား”

အံ့ကျူး အတတ်နိုင်ဆုံး အသံကိုညင်သာလိုက်ပြီး ဒူးကို နည်းနည်းကွေးကာ ရဲသွားတဲ့ လရောင်သသရဲ့ မေးလုံးလုံးလေးကို ဖွဖွလက်မနဲ့ ပွတ်ဆွဲပေးလိုက်သည်။မျက်တောင်ရှည်တွေက မျက်ဝန်းအစုံကို အုပ်ကျနေပြီး မျက်တောင်ဖျားထိခတ်နေရာတွေကလည်း ပန်းဆီရောင်သန်းနေသည်။မျက်ခွံမို့မို့က ဖောင်းအစ်နေပြီး မျက်ခမ်းစပ်နေရာကလည်း နီရဲနေသည်။

“ကျုပ် တောင်းပန်ပါတယ်ဗျာ၊ နောက်တစ်ခါထွက်မသွားပါနဲ့တော့”

လရောင်သသမျက်နှာနဲ့ တစ်တန်းတည်းဖြစ်အောင် ဒူးကွေးထားသူဆီက အရက်နံ့ပြင်းပြင်းကိုရနေသည်။သူတကယ် သောက်စားနေခဲ့တာပဲ။လရောင် စိတ်နာမိပေမယ့် သူနဲ့တကယ်ဝေးကွာရတော့မယ်ဆိုတော့လည်း ရင်ထဲဆို့နစ်နေရပြန်သည်။စကားပြောဖို့ကြိုးစားလိုက်တာနဲ့ ငိုသံကြီးပါပြီး သူ့ရှေ့မှာတင် ထပ်ငိုမိပြန်တော့မှာ။

“ကျုပ်ကို တကယ်စကားမပြောတော့ဘူးလား၊ ဒီနေ့တစ်နေ့လုံး ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေခဲ့တာ လရောင်သသရယ်”

အံ့ကျူးမျိုးနွယ်စကားအဆုံးမှာ လရောင်ကိုယ်လေး တောင့်ခနဲဖြစ်သွားရသည်။ဘာလုပ်လို့လုပ်ရမှန်းမသိတဲ့လူက သောက်စားနေခဲ့တာတဲ့လား။အောက်နှုတ်ခမ်းအတွင်းသားကို အသာဖိကိုက်ပြီးသာ မလှုပ်မယှက်ရပ်နေလိုက်သည်။

“စကားပြန်ပြောပါဗျာ၊ ကျုပ်တစ်ညလုံး ခင်များကိုစိတ်ပူနေခဲ့တာ”

သူ့စကားကြောင့် လရောင်ပြန်မော့ကြည့်လိုက်တော့ မျက်လုံးတွေမှာ ဆွေးရိပ်သန်းနေပြီး တောင်းပန်မှုတွေနဲ့ ပြည့်လျှံနေသည်။လရောင် ချက်ချင်းပင် အကြည့်လွှဲလိုက်မိသည်။အခုချိန်မှာ ညင်သာပြနေလည်း နောင်တစ်ချိန်ကျ ဟိုနေ့ကလို အပြုအမူမျိုးကို သူလုပ်အုန်းမှာပဲ။

My possessive of you Where stories live. Discover now