27

3K 157 4
                                    

"ဘာလာလုပ်တာလဲ"

ခေါင်းလျှော်ပြီးစမို့ ရေစိုနေတဲ့ ဆံပင်သားတွေကို တဘက်နဲ့သေချာသုတ်နေတုန်း ရုတ်တရက်ပွင့်လာတဲ့ တံခါးချပ်နဲ့အတူ အသားရောင်တီရှပ်ကို ဘောင်းဘီတိုနဲ့ တွဲဝတ်ထားတဲ့ အံ့ကျူးမျိုးနွယ်။

ဆံပင်တွေထိုးထိုးထောင်ထောင်နဲ့ သူ့ပုံစံက အလုပ်ပုံထဲ ခေါင်းနစ်နေရာကနေ ကမန်းကတန်းထလာဟန်တူသည်။

“အင့်”

ရုတ်တရက် ခါးကနေဆွဲဖက်ခံလိုက်ရတာကြောင့် နင့်ခနဲဖြစ်သွားရသည်။လရောင် မျက်လုံးအဝိုင်းသားနဲ့ကြည့်တော့ မျက်မှောင်ကျုံ့ပြီး အလိုမကျသလို လုပ်ပြနေပြန်သည်။သေချာကြည့်မှ နှုတ်ခမ်းကို မသိမသာစူထော်ထားတာကြောင့် လရောင်ရယ်ချင်သွားရသည်။

“ဟွန့်”

လရောင်ကိုယ်တိုင်တောင် သတိမထားမိလိုက်ပဲ နှုတ်ခမ်းကအလိုလိုရယ်မိသွားတော့ 'ဟွန့်'ခနဲ အသံပြုပြီး ပါးတစ်ဖက်ကို သွားနဲ့ကိုက်ခဲသည်။စပ်ဖျဥ်းဖျဥ်းဖြစ်သွား၍ ဆူမယ်လုပ်တော့ အံ့ကျူးပြုမူလိုက်သည့် အပြုအမူကြောင့် လရောင် မှင်တက်သွားရသည်။

ကြောင်လေးတစ်ကောင် သခင်ကို ချွဲသလိုမျိုး လရောင်လည်တိုင်ဆီ သူ့မျက်နှာအပ်ကာ ပွတ်သပ်နေတော့သည်။ခွေးအကြီးကြီးတစ်ကောင်က သခင်ကို ချွဲနေတာနဲ့လည်း တူနေပြန်သည်။

“ကျွန်တော် အိပ်ချင်ပြီ”

“ဟင်”

“ကိုကိုချော့သိပ်”

“အံ့ကျူးမျိုးနွယ်...”

လရောင် မယုံနိုင်စွာပင် သူ့နာမည်ကို အာမေဋိတ်ပြုမိသည်အထိ။
ဟိုတစ်ခါမူးတဲ့အချိန်တုန်းကလွဲရင် အံ့ကျူးမျိုးနွယ်ရဲ့ပုံမှန်အခြေအနေမှာ “ခင်များ” ဆိုတာနဲ့ “လရောင်သသ” ဆိုတဲ့ နာမ်စားတွေသာ အသုံးခံခဲ့ရတာ။အံ့ကျူးမျိုးနွယ်က သူ့ကို အကြီးတစ်ယောက်လို့တောင် ထင်သေးရဲ့လားဟုပင် လရောင်တွေးမိတဲ့အထိ။

“မင်း ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ”

“ကိုကို လို့ခေါ်လိုက်တာ အဟက်”

လရောင်နှာခေါင်းထိပ်ဖျားလေးကို သူ့နှာတံချွန်ချွန်နဲ့ ပွတ်ဆွဲပြီး ရယ်ရင်းဖြေသူက တက်ကြွလွန်းနေသည်။

My possessive of you Where stories live. Discover now