အခန်း ၂။ ။ ဖုတ်ဝင်သည်လား ကိုယ်ပြောင်းစိတ်ခွာလား

1.4K 165 2
                                    

[Unicode]
လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ
အခန်း ၂။ ။ ဖုတ်ဝင်သည်လား ကိုယ်ပြောင်းစိတ်ခွာလား

စုရွှေလျန် နိုးလာခဲ့သည်။ နေရာမှာ စူကျိုးမြို့ရှိ ဆေးရုံ မဟုတ်ပေ၊ အချိန်ကာလမှာလည်း တရုတ်သမ္မတနိုင်ငံ သက်တမ်း ၂၃ နှစ်မြောက် နွေဦးရာသီ မဟုတ်တော့ပေ၊ တောကြီးမျက်မည်းထဲတွင် ကမ်းမမြင်လမ်းမမြင် ဖြစ်လျက်။

ကမ်းမမြင် လမ်းမမြင်တဲ့လား? စုရွှေလျန် မျက်လုံးကို ပုတ်ခတ်ပုတ်ခတ်လုပ်ပြီး အားနည်းနေသာ ခန္ဓာကိုယ်ကို အားယူထူမတ်လိုက်သည်၊ ဘေးဘီဝဲယာကို ရှုပ်ထွေးနောက်ကျိစွာ ကြည့်လိုက်သည်။ ပြီးတော့ သူ့ကိုယ်သူ ပြန်ငုံ့ကြည့်လျက် ဟာကနဲ ဖြစ်သွားရပြန်သည်။ သည်ဝတ်စုံမျိုးသည် သူ ဘယ်တုန်းကမှ ဝတ်ဖူးသည့် ဝတ်စုံမျိုး မဟုတ်။ သူ ကိုမာဝင်နေခဲ့တုန်းကများ အစေခံအမျိုးသမီးတစ်ယောက်ယောက်က လဲပေးထားလေသလား? ဘယ်လိုပဲဖြစ်ဖြစ် ဒီလောက် ကောင်းသည့် ပိုးထည်ကတော့ ဖြစ်နိုင်စရာအကြောင်းမရှိ။ သူ့အဝတ်အစားတွေသည် သူ့အတွက် သက်သောင့်သက်သာ ဖြစ်နေရန်မှအပ တခြားဘာမှမလိုအပ်ပေ။ ကလေးဘဝကတည်းက သူ့ကို ပြုစုစောင့်ရှောက်လာခဲ့သော အစေခံအမျိုးသမီးနှစ်ယောက်လုံး ဤအချက်ကို သိကြသည်။ များသောအားဖြင့် သူ့အဝတ်များသည် အလွှာတိုင်း အလွှာတိုင်းကို ချည်ချောနှင့် ပိုးတို့ဖြင့် ရက်လုပ်ထားသော အထည်များ ဖြစ်ကြသည်။ လက်ရှိ သူ့ကိုယ်ပေါ်တွင် ဝတ်ထားသော အဝတ်များကမူ အကောင်းစား ဇိမ်ခံပစ္စည်းဆန်လွန်းသည်၊ ထို့ထက်ပို၍ နွေးလည်းနွေးလွန်း၊ လေလည်းလုံလွန်း၊ နူးလည်းနူးညံ့လွန်းလှသည့်အပြင် တကယ်တော့ သူ့အဝတ်များပင် မဟုတ်ပေ...

ထို့နောက် ရည်ရွယ်ချက်မရှိဘဲ သူ့လက်နှစ်ဖက်ကို အပြန်အလှန်ပွတ်လိုက်ပြီးမှ နောက်တစ်ခါ မျက်မှောင်ကျုံ့မိပြန်သည်။ သည်ဖြူဖြူဖျော့ဖျော့ လက်ကလေးနှစ်ဖက်က သူ့လက်တွေထက် ယောင်ယောင်လေး သေးနေသလိုပင်။ ပြီးတော့ လက်ဖမိုးပေါ်တွင်လည်း သစ်ကိုင်းတွေ ဆူးချွန်တွေနှင့် ခြစ်မိထားသော အမာရွတ်မျိုးတွေနှင့်။ ဘယ်လိုပဲဖြစ်ဖြစ် သည်လက်တစ်စုံသည် ပန်းထိုးဖို့အတွက် ပိုးမွေးသလို ဂရုစိုက်ခဲ့ရသော သူ့ကိုယ်ပိုင် လက်ဖြူဖြူသွယ်သွယ်လေးတစ်စုံတော့ လုံးဝမဟုတ်။

လယ်တောဆီမှ လုပ်ကြံသတ်ဖြတ်သူ (MM-translation)Where stories live. Discover now