အခန်း (၁၇)

1.3K 118 5
                                    

Unicode

အိပ်မက်ကလန့်နိုးလာကာ အိပ်မပျော်တော့တာကြောင့် မြလွန်းထပြီး ရေချိုးဖို့လုပ်လိုက်သည်။
မနက်အစောကြီးဖြစ်သော်ငြား အိပ်မက်ဆိုးတွေမက်‌တဲ့နေ့ဆို ပြန်အိပ်မပျော်ရင် မြလွန်း ဒီလိုပဲ ရေထချိုးတာများသည်။ bathtub ထဲကို ရေဖြည့် ဆပ်ပြာရည်ကိုထည့်ပြီး ဝင်စိမ်နေလိုက်သည်။
ဘယ်လောက်ကြာအောင် ရေစိမ်နေမိသည်လည်း သေချာမမှတ်မိပေမဲ့ သူ့ခန္ဓာကိုယ် အနည်းငယ် အေးလာသည့် အချိန်ကျမှသာ bathtub ထဲကထွက်လိုက်သည်။ ပေါ့ပေါ့ပါးပါး အဝတ်စားတစ်ချို့ကိုသာ ဝတ်ကာ laptop ကိုယူရင်း ကြည့်နေမိသည်။

File တစ်ခုရောက်တဲ့အခါ မြလွန်း လက်တွေရပ်တန့်သွားသည်။ နှိပ်ကြည့်လိုက်တော့ သူနဲ့အတူရိုက်ထားတဲ့ ဓာတ်ပုံတွေ ဗီဒီယိုတွေ။ ဒီလောက်အထိ အမှတ်တရတွေ အတူတူလုပ်ခဲ့ကြတာလား။
laptop ကို ပိတ်လိုက်သည်။ မြလွန်း ဆက်မကြည့်နိုင်တော့။ စိတ်ထဲမှာ တင်းကြပ်လာပြီး မျက်ရည်တွေကျလာသည်။ အခုထိ.... အခုထိ သူက မြလွန်းကို လွှမ်းမိုးနေတုန်းလား ဒါမှမဟုတ် မြလွန်းကပဲ သူ့ကို မမေ့နိုင်တာလား။ မြလွန်း သူ့ကို စိတ်နာတယ်။ မုန်းတယ်။ ဒါပေမဲ့ သူ့ကို စိတ်ထဲကနေထုတ်လို့မရ။ အချစ်ဦးဖြစ်နလို့လား....။ အချစ်ဦးမလို့ မမေ့နိုင်တာများလား....။ မြလွန်း အတွေးတွေဟာ တစ်စတစ်စပျံ့လွင့်လာသည်။

" တွေ့ရတာ ဝမ်းသာပါတယ်။
ကျွန်တော့် နာမည်က ထိုက်တန်ဦးပါ။ "

" ကျွန်တော် မြလွန်းကို ချစ်တယ်။ "

" ဘယ်လောက်ထိ ကျွန်တော့်ကို စောင့်ခိုင်းဦးမှာလဲ မြလွန်း။ "

" အခု ကျွန်တော့်ကို ချစ်တယ်လို့ ပြောလိုက်တာလား မြလွန်း။ "

ပထမဆုံး သူ့ကို စသိတဲ့ အချိန်က သူဟာ တိုက်ပုံနဲ့ ပုဆိုးကို ဝတ်ထားပြီး လူကြီးလူကောင်းဆန်ဆန်လေးလို့ ထင်ခဲ့တာ။ သန့်သန့်ပြန့်ပြန့်ရှိတဲ့ သူ့ရဲ့ ရုပ်ရည်နဲ့ဆို မိန်းကလေးတွေကြားမှာ ရေပန်းစားမှာပဲ ဆိုပြီး တွေးမိခဲ့သေးတယ်။

သူ့ဆီကနေ ချစ်တယ်လို့ အပြောခံရတော့ အမျိုးအမည်မသိတဲ့ ခံစားချက်ပေါင်းစုံ ဝင်လာခဲ့တာ။
နေ့တိုင်းလိုလို အဖြေလာတောင်းတတ်တဲ့ ကောင်လေးကို ချစ်တယ်လို့ပြောမိတော့ အပျော်လွန်ပြီး ထခုန်နေတဲ့ ပုံရိပ်ကလေးကို မှတ်မိနေတုန်းပဲ။

မြလွန်းရွယ် ၏ ဇီတာWhere stories live. Discover now