Chapter 4 (U+Z)

1.4K 51 0
                                    

(Unicode)

Chapter 4

~ သုံးလကျော် ကြာပြီးနောက် ~

လေအေးစက် ဖွင့်ထားသည့် အခန်းကျယ်ကြီးသည် တစ်ခန်းလုံး အေးစိမ့်နေသည်။ မွှေးပျံ့နေသည့် ရနံ့များကလည်း နှာခေါင်းထဲတွင် စူးရှမနေဘဲ စိတ်ကြည်ချင်စဖွယ် အနေတော်လေး။ စနစ်တကျ နေရာချပြီး တပ်ဆင်ထားသည့် မျက်နှာကြက်မီးများ၊ နံရံကပ်မီးများမှ အလင်းရောင်များသည် အခန်းကို မမှောင်လွန်း၊ မလင်းလွန်းသည့် အနေအထားတစ်ခု ဖန်တီးပေးထားသည်။

Hair salon တစ်ခု။ ရိုးရိုးသာမန် ဆံပင်ညှပ်ဆိုင်မျိုးမဟုတ်။ ဇိမ်ခံဟိုတယ် တစ်ခုအလား လှပစွာ ပြင်ဆင်ထားသည့် တကယ့် အဆင့်မြင့် hair salon မျိုး။ လူကုံထံ အသိုင်းအဝိုင်းကသာ လာတတ်ကြသည့် နေရာမျိုး။

မနက်ခင်း စောသေးတာမို့ ဆိုင်ထဲတွင် ဧည့်သည်ဆို၍ အမျိုးသမီး တစ်ဦးသာရှိသည်။ ထိုဧည့်သည်အမျိုးသမီး၏ အညိုဖျော့ရောင် ဆံပင်များ အနက်ရောင်ပြန်ဆိုးခြင်းကို ဆိုင်တွင် လုပ်သက်အရင့်ဆုံး၊ အကျွမ်းကျင်ဆုံး မမသက်ဆိုသည့် hair stylist က တာဝန်ယူ လုပ်ပေးနေသည်။

"မမကလည်း အညိုလေးနဲ့ လှနေတာကို ဘာလို့ အနက်ပြန်ဆိုးချင်ရတာလဲ"

"အညိုကြီး မြင်ရတာ ရိုးလာလို့ပါဟယ်။ အပြောင်းအလဲလေး ဖြစ်အောင်လို့"

"ဟွန်း၊ ဘဲအသစ်ရရင် ရတယ်ပြောပါ မမရဲ့။ ကျွန်မကိုတော့ လျှိုမထားပါနဲ့"

"ဟယ်တော်၊ မဟုတ်ကဟုတ်က။ ဘယ်က ဘဲအသစ် ရရမှာလဲ။ သက်တို့ကတော့ လုပ်ပြီ။ တို့ကို စွပ်စွပ်စွဲစွဲ"

"မမတို့က အဖြီးတော်တယ်နော်။ မမ ဘဲအသစ်ရတိုင်း ကျွန်မဆီလာပြီး ဆံပင်အရောင်  ပြောင်းနေကြလေ။ မဟုတ်လို့လား"

"ဟဲ ဟဲ၊ ဟုတ်ပါပြီဟယ် စုံထောက်မကြီးရဲ့။ ဝန်ခံပါပြီ။ ဒါပေမယ့် ဘဲအသစ်တော့ မဟုတ်ဘူးအေ့။ အရင်တစ်ယောက်နဲ့ ပြန်အဆင်ပြေသွားတာ"

"ဟယ်၊ အဟုတ်။ ဘယ်တစ်ယောက်လဲ။ ဟိုတယ်ပိုင်ရှင်ဆိုတဲ့ တစ်ယောက်လား"

"ဘယ်ကလာ၊ အဲ့ကောင်ကို ခေါက်ထားလိုက်စမ်းပါ။ သြဇီမှာ နေတယ်ဆိုတဲ့ တစ်ယောက်နဲ့ ပြေသွားတာ"

'Crystal Light'Where stories live. Discover now