Chapter 11 (U+Z)

1.2K 52 0
                                    

(Unicode)

Chapter 11

"သွား၊ လာမခေါ်နဲ့။ ညီမလေးက မမကို စိတ်ကောက်နေတာ"

"ဘာလို့လဲ ညီမလေးရဲ့။ မမက ညီမလေးစိတ်ဆိုးအောင် ဘာလုပ်မိလို့လဲ"

"ပြောတော့ ညီမလေးကိုခေါ်ပြီး ခရီးတွေသွားမယ်ဆို။ ညီမလေးမှာ စိတ်ကူးတွေယဥ်ပြီး ပျော်လိုက်ရတာ။ အခုကျ မသွားဖြစ်တော့ဘူးတဲ့။ သွားဖြစ်ဖို့ မသေချာရင် ဘာလို့ ညီမလေးကို မျှော်လင့်ချက်တွေ လာပေးသေးလဲ။ အရမ်းစိတ်ဆိုးတယ် မမကို"

ညီမလေး မသိအောင် ချယ် သက်ပြင်းသာ ခိုးချမိတော့သည်။ နဂိုက ခရီးသွားဖို့ အစီအစဥ် တကယ်ရှိပါသည်၊ သူမဘဝ ခွန်းဆက်မင်းလွင်လက်ထဲ ရောက်သွား၍သာ အစီအစဥ်တွေ အားလုံးပျက်ကုန်ပြီး ဘယ်မှ သွားလို့မရတော့တာ ဆိုသည့်အကြောင်း ညီမလေးကို သူမ ဘယ်လို ပြောထွက်နိုင်မှာတဲ့လဲ။

ခုတော့ ညီမလေးစိတ်ကောက်တာ ခံနေရပြီ။ သူမကိုမကြည့်ဘဲ မျက်နှာတစ်ဖက်လှည့်ထားသည့် ညီမလေးကို သူမ ချစ်မြတ်နိုးစွာ ငေးကြည့်နေမိသည်။ အသက်ဆယ့်ခုနစ်နှစ်ကျော်လို့ ဆယ့်ရှစ်နှစ် ပြည့်ခါနီးပြီ ဖြစ်သော်လည်း ညီမလေးသည် တကယ့် ကလေးလေးလိုပင်။ လူကောင်ကလည်း သေးသေးညှက်ညှက်ကလေး။ ပြောသည့်စကား၊ လုပ်တတ်သည့် အမူအရာတွေကလည်း တကယ့် ကလေးကလားလေးတွေ။ ယုန်ဖြူမလေးလို အပြစ်ကင်းစင်လွန်းလှသည့် ညီမလေး...။ သူမလို အစ်မမျိုးနှင့် မထိုက်တန်သည့် ညီမလေး...။

"မမ အလုပ်များနေလို့ပါ ညီမလေးရယ်။ အလုပ်အားသွားရင် သွားမယ်နော်။ တကယ် ကတိ ကတိ"

"ယုံဘူး"

"ယုံလိုက်ပါ ယုန်လေးရဲ့"

"ဘာယုန်လေးလဲ။ လာမခေါ်နဲ့... သွား"

"တကယ် သွားရမှာလား။ မမက ညီမလေးကြိုက်တဲ့ စတော်ဘယ်ရီ ရေခဲမုန့် ဝယ်လာတာနော်။ မမကို စိတ်ဆိုးတာနဲ့ မစားတော့ဘူးလား"

ရေခဲမုန့်အသံကြားတော့ ညီမလေးမျက်နှာ သူမဘက် နည်းနည်းလှည့်လာသည်။ နှုတ်ခမ်းအစူတော့ မပြေသေး။

"စတော်ဘယ်ရီ ရေခဲမုန့်နော်။ အထဲမှာ အသီးအစစ်လေးတွေတောင် ပါသေးတယ်။ အနံ့လေးကလည်း မွှေးနေတာပဲ။ ညီမလေးက မမကိုစိတ်ဆိုးပြီး မစားရင် အရည်ပျော်ကုန်တော့မှာ။ နှမြောစရာကြီးဆိုတော့ မမပဲ စားပစ်ရတော့မှာပဲ"

'Crystal Light'Where stories live. Discover now