Chapter 7 (U+Z)

1.3K 52 0
                                    

(Unicode)

Chapter 7

"ဒါပေမယ့်..."

"ဘာလဲ။ ဂိုဏ်းချုပ်ကြီးကို မင်းလုပ်ကြံခဲ့တာ မဟုတ်ပါဘူးလို့ ငြင်းဦးမလို့လား။ လေကုန်ခံမနေနဲ့။ ငြင်းနေလည်း အပိုပဲ။ ငါ့မှာ သက်သေအခိုင်အလုံ ရှိပြီးသား"

ကြောက်တာလန့်တာထက် ပရော်ဖက်ရှင်နယ်မာနက ခေါင်းထောင်ထလာသည်။ ဦးနေမင်းလွင် သေဆုံးမှုက ချယ့်လက်ချက်မှန်း ဒီလူ ရိပ်မိသွားသည်ပဲထားဦး၊ သူမ ဒီလောက် ပိပိရိရိ လုပ်ထားခဲ့တာ ဘာသက်သေ အခိုင်အလုံမှ သူရသွားစရာမရှိ။

"အဓိပ္ပာယ် မရှိလိုက်တာ။ ဘာသက်သေလဲ"

"သက်သေအကြောင်းက ခဏနေရင် ပြောမယ်။ အဆိပ်အကြောင်းပဲ အရင်ပြောပါဦး"

"ဘာ"

"ငါ့အဖေကို မင်း အဆိပ်ခတ်ခဲ့တာမလား"

ဟုတ်ပါတယ်ဟု ဝန်ခံဖို့ ချယ့်မှာ စိတ်ကူးမရှိ။ သို့သော် မဟုတ်ဘူးဟု ချက်ချင်းမငြင်းဘဲ တစ်စက္ကန့်လောက် အံ့သြတွေဝေသွားမိသည်က ခွန်းဆက်မင်းလွင် ဆိုသည့်လူအတွက် လုံလောက်သွားခဲ့ပြီ။

"ဟုတ်နေတာပဲ။ ဒါဆိုလည်း ငါ့ကို အလင်းပြပါဦး။ ဘယ်နေရာမှာ ဘယ်လိုခတ်ခဲ့တာလဲ"

သူမ ပါးစပ်ကို တင်းနေအောင် စေ့ထားတော့ ထိုသူက ရှေ့သို့ ငုံ့ကိုင်းလာသည်။

"မင်းကိုကြည့်ရတာ သိပ်အတဲ့သူတော့ ဟုတ်ပုံမရပါဘူး။ မင်း ဘယ်လောက်ပဲ ဘူးခံငြင်းနေနေ ဒီအနေအထားကနေ လွတ်ဖို့လမ်း ဘယ်လိုမှ မရှိတော့ဘူး ဆိုတာလောက်တော့ မင်းသဘောပေါက်မှာပါ"

သူပြောတာ မှန်နေသည်။ ထိုသို့မှန်နေတာကိုပဲ ချယ်က ဒေါသပိုထွက်သည်။ ပိုဆိုးတာက ထိုသူ့မျက်နှာပေါ်ကအပြုံး။ အောင်နိုင်သူတစ်ယောက်လို ဂုဏ်ယူဝင့်ကြွားစွာ ပြုံးနေသည့် ထိုမျက်နှာကြီးကို ဆွဲကုတ်ပစ်လိုက်ချင်သည်။

"သူဆံပင်လာညှပ်တုန်း ကော်ဖီထဲကို ထည့်လိုက်တာ"

အံ့သြသလို ပင့်သွားသည့် မျက်ခုံးနှစ်ဖက်ကိုတော့ ချယ် ကျေနပ်မိသွားသည်။

"သူသွားနေကျ hair salon ကို ပြောတာလား"

"ဟုတ်တယ်"

'Crystal Light'Onde as histórias ganham vida. Descobre agora