Chapter 6 (U+Z)

1.3K 56 0
                                    

(Unicode)

Chapter 6

ချယ်သည် ချယ် ပြန်ဖြစ်သွားပြီ။ ပန်းအိ မဟုတ်တော့။ အခုမှပဲ လွတ်လပ်ပေါ့ပါးသည့် ဖီလင်ကို ပြန်ရတော့သည်။

ပြန်တွက်ကြည့်တော့ hair salon မှာ သူမ နှစ်လနှင့် ရက်နှစ်ဆယ်ကြီးများတောင် ဒုက္ခခံပြီး နေခဲ့ရသည်ပဲ။ အလုပ်ဝင်ခါစ နယ်မြေအနေအထားကို လေ့လာရင်း လျှိုနေခဲ့ရသည်က နှစ်လကျော်။ ဦးနေမင်းလွင်ကို အောင်မြင်စွာ အဆိပ်ခတ်လိုက်ပြီးတော့လည်း ချက်ချင်းအလုပ်ထွက်လျှင် မသင်္ကာချင်စရာ ဖြစ်သွားမှာစိုးတာကြောင့် တစ်ပတ်လောက် အမူအရာမပျက် အလုပ်ဆက်လုပ်နေခဲ့ရသေးသည်။

ဒီနေ့တော့ ခလုတ်တိုက်ချင်ယောင်၊ ခြေချော်သွားချင်ယောင်ဆောင်ပြီး ဆိုင်လာသည့် ဧည့်သည်တစ်ယောက်ပေါင်ပေါ် ကော်ဖီတစ်ခွက်လုံး မှောက်ချလိုက်သည်။ ဧည့်သည်၏ ဒေါသတကြီး ရန်တွေ့သံနှင့် မမသက်ဆီက တိုင်တောသံများ ဆိုင်ရှင်ဘော့စ်ဆီ ရောက်သွားပြီး နာရီပိုင်းအတွင်းမှာပင် နမော်နမဲ့နိုင်သည့် ပြစ်ချက်နှင့် အလုပ်ထုတ်ခံရတော့သည်။

ဆိုင်ကလူများ မျက်စိရှေ့မှာတော့ အလုပ်ထုတ်ခံရ၍ ဝမ်းနည်းစိတ်ထိခိုက်နေသည့် မျက်နှာလေး လုပ်ပြပြီး မျက်ရည်တစ်စက်နှစ်စက် ကျပြခဲ့ရသေးတာပေါ့။ ရင်ထဲမှာတော့ ပျော်လွန်း၍ ထကချင်စိတ်တောင် ပေါက်နေပြီ။ နေ့စဥ်နှင့်အမျှ သူမကို ဆူစရာ ငေါက်စရာ အကွက်ပဲရှာနေသည့် မမသက်ဆိုသည့် ဟာမကြီးနှင့် နောက်ထပ် တွေ့စရာမလိုတော့။ ကော်ဖီချိုချို ပျစ်ချွဲချွဲကြီးများလည်း ဖျော်စရာမလိုတော့။

အိမ်ပြန်လာသည့် လမ်းတစ်လျှောက် သူမတစ်ကိုယ်လုံး ပေါ့ပါးနေသည်။ သူမ၏ အဓိကအလုပ်ကလည်း အောင်မြင်သွားသည်လေ။ ဦးနေမင်းလွင် ကွယ်လွန်သွားကြောင်း သတင်းများ သူမ မြင်ခဲ့ပြီးပြီ။ သေဆုံးရခြင်း အကြောင်းရင်းကိုလည်း အထက်လှန်အောက်လျှောဖြစ်ပြီး သေသွားတာလို့ပဲ အားလုံးက ယူဆနေကြသည်။ အဆိပ်ခတ်ပြီး လုပ်ကြံခံရတာလို့ ဘယ်သူမှ သံသယမဖြစ်ကြ။ hair salon က တောက်တိုမယ်ရ ပန်းအိဆိုသည့် လျှပ်ပျာမလေးကို သံသယဖြစ်ကြဖို့တော့ ဝေးရော။

'Crystal Light'Dove le storie prendono vita. Scoprilo ora