(Unicode)
Chapter 17
သူမတိုက်ခန်း အိမ်ရှေ့တံခါးသည် သော့ခတ်မထားဘဲ ပွင့်နေသည်။ ဒါဆို ခွန်းဆက်မင်းလွင် ရောက်နှင့်နေပြီပေါ့။ သူမလေယာဥ် ထွက်မည့်အချိန်၊ ဆိုက်မည့်အချိန်တို့ကို ပြောပြထားတော့ သူ ကြိုပြီး ရောက်နှင့်နေတာနေမှာပေါ့။
ညအချိန်ဖြစ်ပေမယ့် အိမ်ထဲမှာမှောင်နေသည်။ ဘာမီးမှ ဖွင့်မထား။ လုံးဝအမှောင်အပိတ်ကြီး ဖြစ်နေတာတော့လည်းမဟုတ်။ အပြင်က လမ်းမီးရောင်များကြောင့် မြင်သင့်သလောက်တော့ မြင်နေရသည်။ ဧည့်ခန်းထဲတွင် ဘယ်သူမှရှိမနေ။
"ပြန်လာပြီလား"
အသံလာရာ ထမင်းစာခန်းထဲတွင်တော့ အမှောင်ကို အဖော်ပြုကာ ထိုင်နေသူတစ်ယောက်။ သူမ အထုပ်အပိုးများကို တံခါးဝနားတွင်ပဲထားပြီး ထမင်းစားခန်းထဲ ဝင်ခဲ့သည်။
အရပ်ရှည်ရှည် ခန္ဓာကိုယ်ခပ်သွယ်သွယ် အရိပ်တစ်ခု ထမင်းစားပွဲတွင် ထိုင်နေသည်။ အဝင်ဝကို မျက်နှာမူထားပေမယ့် မှောင်နေတာမို့ မျက်နှာကို သေချာမမြင်ရ။ ထိုအရိပ်ရှေ့မှ စားပွဲပေါ်တွင်တော့ ပုလင်းတစ်လုံးနှင့် ဖန်ခွက်နှစ်ခွက်။
"ငါနဲ့ ခဏလောက် လာထိုင်မလား"
သူမ ဘာမှမပြောဘဲ သူနှင့် မျက်နှာချင်းဆိုင်ခုံတွင် ဝင်ထိုင်လိုက်သည်။ မျက်နှာအမူအရာကို မမြင်ရပေမယ့် ခွန်းဆက်မင်းလွင်အသံ မူမမှန်တာကိုတော့ သတိထားမိလိုက်သည်။ မူးများနေသလား။ မူးပြီး လျှာလေးအာလေး ဖြစ်နေတာမျိုးတော့လည်း မဟုတ်ပြန်။
သူငှဲ့ပေးသည့်ခွက်ကို သူမ အလိုက်သင့်လှမ်းယူပြီး ဖန်ခွက်ထဲ လက်နှစ်လုံးနီးနီး ရှိနေသည့် ဝီစကီကို ဘာနှင့်မှမရောဘဲ တစ်ကျိုက်တည်း မော့ချလိုက်သည်။ သူ့ရယ်သံက ခြောက်ကပ်ကပ်။
"ကောင်းတယ်၊ ချ။ ငါ့နားမှာ နေဖို့ဆိုရင် မင်း အသိစိတ်ပျောက်တဲ့ထိ မူးနေမှဖြစ်မယ်"
ကုန်သွားသည့် သူမခွက်ထဲ သူထပ်ငှဲ့ပေးပြန်သည်။ ဒီတစ်ခါတော့ သူမ ချက်ချင်းမသောက်ဖြစ်။ ခွက်ကို ကိုင်ထားမိသည်။
YOU ARE READING
'Crystal Light'
RandomType - boy×girl Genre - Thriller, Romance "ငါတို့ ရှင်သန်လှုပ်ရှားနေရတဲ့ လောကကြီးက အထိအရှ မခံဘူး။ ပြောရရင် ခရစ်စတယ် သလင်းကျောက်တွေလိုပေါ့။ ကွဲအက်လွယ်တယ်။ ကြေမွလွယ်တယ်။ ဒါပေမယ့် အဲဒီခရစ်စတယ်ကျောက်တွေပေါ် အလင်းရောင် ထိုးထားတဲ့ အချိန်မျိုးကို မြင်ဖူးလာ...