Chapter 15 (U+Z)

1.2K 46 0
                                    

(Unicode)

Chapter 15

ပေါင်မုန့်မီးကင်နံ့။ ဟုတ်သည်။ သူမနှာခေါင်း အနံ့ခံမမှားပါ။ သေချာပေါက် ပေါင်မုန့်မီးကင်နေသည့်အနံ့။ ဘေးကပ်လျက်အခန်းက အနံ့တွေများလား။ အိပ်ရာနိုးနိုးချင်း စားစရာနံ့ရတော့ ဗိုက်က တဂွီဂွီ မြည်လာသည်။

မျက်နှာသစ်၊ သွားတိုက်ပြီး ရေတောင် ချိုးမနေတော့ဘဲ ဆန္ဒပြနေသည့်ဗိုက်ကို နှစ်သိမ့်ဖို့ မီးဖိုခန်းဆီ ထွက်လာခဲ့သည်။

F-ck!

ဘုရားရေ၊ ငါတော့ တကယ် နှလုံးခုန်ရပ်ပြီး သေတော့မှာပဲ။

"ရှင့်ဆီက ဒီအိမ်သော့တစ်စုံကို မရရအောင် ယူသိမ်းထားမှ ဖြစ်တော့မယ်"

ပေါင်မုန့်မီးကင်စက်နှင့် အလုပ်ရှုပ်နေသည့် ခွန်းဆက်မင်းလွင်က သူမကို လှည့်တောင်မကြည့်။

"အဲဒီကျတော့လည်း သော့ဖျက်ပြီး ဝင်လို့မရတာ ကျနေတာပဲ"

သူမ သူ့အနားသွားပြီး ပခုံးတစ်ဖက်ကို ဖျောင်းခနဲမြည်အောင် ရိုက်ပစ်လိုက်သည်။

"ဟ... ဘာလုပ်တာတုန်းဟ"

သူက တစ်ချက်တွန့်သွားရုံကလွဲလို့ ဘာမှဖြစ်ပုံမရ။ ရိုက်လိုက်ရသည့် သူမလက်သာ နာသွားသည်။

"နောက်တစ်ခါ တံခါးမခေါက်ဘဲ ဝင်လာရင် ချောင်းရိုက်မယ်လို့ ပြောထားတယ်လေ"

ဒီတစ်ခါတော့ သူ့ရယ်သံသည် ကြည်လင်နေသည်။ ခါတိုင်းလို လှောင်တာ ပြောင်တာ ခနဲ့တာတွေ မပါ။

"မင်း မျက်နှာရော သစ်ပြီးရဲ့လား"

"သစ်ပြီးပါပြီ။ ရှင်ကသာ မနေ့ညကအင်္ကျီ ခုထိ မလဲရသေးတာ"

ဒီတော့လည်း သူ့ကိုယ်သူ ငုံ့ကြည့်ပြီး ရယ်ပြန်သည်။ တကယ်လည်း သူဝတ်ထားတာသည် မနေ့က အဝတ်အစားများ။ ခုမှ သူ့မျက်နှာကို သူမ သေချာကြည့်မိသည်။ မျက်တွင်းများတောင် နည်းနည်း ချိုင့်နေသလိုလို။

သူမအတွေးကို သူရိပ်မိသလားမသိ။

"ညက တစ်ညလုံး ငါမအိပ်ရသေးဘူး။ မင်းကတော့ အိပ်နေလိုက်တာများ သိုးလို့။ ငါရောက်နေတာ ကြာလှပြီ။ ဘာသံမှ မကြားဘူးလား"

'Crystal Light'Where stories live. Discover now