Chapter 28 (U+Z)

1.3K 49 0
                                    

(Unicode)

Chapter 28

အိပ်ရာပေါ် ခြေပစ်လက်ပစ် လှဲအိပ်ရင်း လူအိုက်အကြံအိုက် ဖြစ်နေသည့် ဟိန်းဇေယျာ။ သူစိတ်ညစ်နေရခြင်း အကြောင်းရင်းက သူ့ဖားသားကြီးနှင့် ပြဿနာတက်ထား၍။

ဟိုရက်ပိုင်းက ဖားသားကြီး အလုပ်များနေသဖြင့် သူကိုယ်တိုင် သွားမတက်နိုင်သည့် အစည်းအဝေးတစ်ခုကို ဟိန်းဇေယျာအား သွားတက်ဖို့ခိုင်းသည်။ အစည်းအဝေးက အရေးကြီးသည့် အစည်းအဝေးလည်းမဟုတ်။ ဘာမှလည်း လုပ်စရာမလို။ လာတက်ကြောင်း လူရိပ်လူယောင်ပြပြီး ပြောသမျှကို နားထောင်ချင်ယောင်ဆောင်ပြီး ပြန်ခဲ့ရုံသာ။

ထိုသို့အရေးမကြီးတာမျိုးမို့လည်း ဖားသားကြီးက သူ့ကို ခိုင်းတာပါပဲ။ အရေးကြီးတာဆိုလျှင် သူနှင့် စိတ်ချလက်ချ လွှတ်ထားမှာမဟုတ်။

ပြဿနာက သူကလည်းသူ။ ထိုအစည်းအဝေး သွားရမှာကို သွားရမည့်နေ့မှ လုံးဝမေ့သွားသည်။ နဂိုတည်းက ဘာကိုမှ အလေးအနက် မထားတတ်သူမို့ တကယ်ကို မေ့သွားခဲ့ရာ ဖားသားကြီးနှင့် ကွိုင်တက်တော့သည်။

သူ့ကို သူ့အဖေ စိတ်ဆိုးတာ၊ ဆူတာငေါက်တာ၊ ထိုးတာကြိတ်တာလောက်ကို သူမဖြုံသော်လည်း "မင်းမျက်နှာ ငါမမြင်ချင်ဘူး။ ငါ့ဆီကနေ ပိုက်ဆံလာတောင်းဖို့လည်း စိတ်မကူးနဲ့" ဆိုသည့် စကားကတော့ အရှိုက်ထိသွားသည်။ ဒီဖားသားကြီးရှိလို့သာ ငွေတွင်းကြီးရှိနေတာ၊ ဖားသားကြီးဆီကမှ မနှိုက်လျှင် ဘယ်တွင်းထဲ သွားနှိုက်ရမှာလဲ။

စိတ်အိုက်နေတုန်း သူ့ဖုန်းထဲ မက်ဆေ့ချ်တစ်စောင် ဝင်လာသည်။

'Royal Avenue Hotel, Dining room no. 7, today, 5pm' တဲ့။

နာရီကြည့်လိုက်တော့ ညနေ ၄ နာရီခွဲတော့မည်။ အတော်ပဲ။

အလုပ်မရှိ အကိုင်မရှိသည့် သူ့အတွက် ငွေရနိုင်သည့်နည်းက ဒီတစ်နည်းပဲရှိတာမို့ ကားသော့ယူပြီး ချက်ချင်းထွက်ခဲ့သည်။

- - - - - - - - - -

Royal Avenue ဟိုတယ်ရှေ့တွင် ကားရပ်ပြီးတာနှင့် ဖုန်းထဲကမက်ဆေ့ချ်ကို နောက်တစ်ခေါက် ပြန်ဖတ်သည်။ ပြီးတာနှင့် ဖျက်ပစ်လိုက်သည်။

'Crystal Light'Where stories live. Discover now