Chapter 26 (U+Z)

1.2K 48 0
                                    

(Unicode)

Chapter 26

မျက်စိရှေ့က အခြေအနေကို ချယ် နံရံအမှီမပျက် အေးဆေးပဲ ကြည့်နေလိုက်သည်။ ခွန်းဆက်မင်းလွင်က သေနတ်ကို လက်ထဲ ဖွဖွသာကိုင်ပြီး သေနတ်ပြောင်းကို အောက်စိုက်ထားသည်။ ဟိုလူကြီးကို ချိန်မထားသေး။ လူကြီးက မျက်နှာတင်းနေသေးသော်လည်း ကတုံးပြောင်ကြီးမှာတော့ ချွေးစက်များ စို့ထွက်လာနေပြီ။

"ခင်ဗျားဘာလုပ်လုပ် ကျုပ်ဆီက ဘာစကားမှ ထွက်လာမှာမဟုတ်ဘူး"

လူကြီးစကားကို ခွန်းဆက်မင်းလွင်က အသံအက်အက်နှင့် ရယ်သည်။ ဒီရယ်သံကို ချယ်မှတ်မိသည်။ တစ်ချိန်က သူမကို သူ့စကားအတိုင်း မလိုက်နာလျှင် သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့တုန်းက ရယ်သံမျိုး။

"ငါနဲ့တွေ့ရင် မင်းဆီက စကားတင်မဟုတ်ဘူး။ ကျန်တာတွေပါ အကုန်ထွက်လာလိမ့်မယ်။ စိတ်ချ။ ငါ နောက်ဆုံးတစ်ခေါက် ထပ်မေးမယ်။ မင်းကို ငါတို့နောက်လိုက်ဖို့ ဘယ်သူခိုင်းလိုက်တာလဲ"

လူကြီးက ပါးစပ်ကို တင်းတင်းပိတ်ပြီး ခွန်းဆက်မင်းလွင်ကို မျက်လုံးနီကြီးများနှင့် စိုက်ကြည့်နေသည်။

ဒိုင်း...။

"အား"

ကြမ်းပြင်သို့စိုက်ထားသည့် သေနတ်ပြောင်းဝမှ ထွက်လာသည့် ကျည်ဆန်သည် လူကြီး၏ ဘယ်ဘက်ခြေဖမိုးကို ဖောက်ဝင်သွားသဖြင့် လူကြီးတစ်ကိုယ်လုံး ထွန့်ထွန့်လူးသွားသည်။ သို့သော် ခြေနှစ်ဖက်၊ လက်နှစ်ဖက်လုံးကို ကုလားထိုင်နှင့်တွဲပြီး တုပ်နှောင်ထားသဖြင့် ရုန်းလို့တော့မရ။ ထိုင်လျက်ကြီး ဆန့်ငင်ဆန့်ငင် ဖြစ်နေသည်။

ဒိုင်း...။

"အား"

နောက်တစ်ချက်က ညာဘက်ခြေဖမိုးဆီသို့။ အနက်ရောင်ကြွေပြား ခင်းထားသည့် ကြမ်းပေါ်မှာတောင် သွေးများ စိမ့်အိုင်လာသည်ကို သိသိသာသာ မြင်နေရသည်။

"ဘယ်လိုလဲ။ ဒီလောက်ဆို မင်းအလုပ်ရှင် နာမည်ဘယ်သူလဲ ပြန်စဥ်းစားလို့ ရပြီလား"

နာကျင်မှုကြောင့် လူကြီးမျက်နှာ ရှုံ့တွနေသည်။ အသက်ကို ရှိုက်ရှိုက်ပြီး ရှူနေသံကလည်း ဧရာမ မီးဖိုကြီးလို ရှူးရှူးရှဲရှဲ။

'Crystal Light'Where stories live. Discover now