Chapter 34 (U+Z)

1.1K 46 1
                                    

(Unicode)

Chapter 34

"ရောက်ပြီလား"

"ရောက်ပြီလေ"

"ရှင်ပြောတဲ့ အရေးတကြီး သွားစရာ ရှိတယ်ဆိုတာ ဒီနေရာကို ပြောတာလား"

"ဟုတ်တယ်လေ"

"ဘာစိတ်ကူးတွေ ပေါက်နေပြန်တာလဲ"

"မင်းနဲ့ငါနဲ့ တစ်အိမ်တည်းသာ အတူနေနေတာ တစ်ခါမှ မ date ဖူးသေးဘူးလေ။ အဲဒါကြောင့် ဒီည date ရအောင်လို့ ခေါ်လာတာ"

"ရှင်ကတော့လေ တကယ်ပါပဲ"

ပါးစပ်က ပွစိပွစိပြောကာ ခေါင်းတယမ်းယမ်း လုပ်နေသော်လည်း ချယ့်နှုတ်ခမ်းများကတော့ အလိုလို ပြုံးနေမိသည်။ ရင်ထဲမှာလည်း ကြည်နူးသလိုလို ဘာလိုလို။ မျက်နှာတွေတောင် ဖိန်းတိန်းတိန်း ရှိန်းတိမ်းတိမ်း ဖြစ်လာသည်။

"ဒီလိုနေရာ ခေါ်လာမယ်ဆိုလည်း ကြိုပြောပါတော့လား။ အလှလေးဘာလေး ပြင်ခဲ့ရတာပေါ့။ အခု ကျွန်မကိုလည်းကြည့်ဦး"

သူမတို့ ရောက်နေသည့်နေရာက နေ့ခင်းပိုင်းတွင် ကော်ဖီဆိုင်ဖွင့်ပြီး ညဘက်တွင် european restaurant အဖြစ် ပြောင်းပြီးဖွင့်သည့် ဆိုင်ကလေး။

ဆိုင်ကလေးဆိုသော်လည်း သေးသေးလေးတော့မဟုတ်။ ကျယ်ဝန်းသည့် အဆောက်အဦတစ်ခုကို အထပ်နှစ်ထပ်လုံးအပြည့် ဖွင့်ထားသည်။ ဘေးပတ်ပတ်လည်ကို မှန်တွေချည်း အပြည့်ကာထားသဖြင့် အထဲက အပြင်အဆင်ကို လမ်းပေါ်ကတောင် ရှင်းရှင်းမြင်နေရသည်။

ဆိုင်အောက်ထပ်တွင် လူများများမရှိ။ ချယ် မြင်ရသလောက် စားပွဲနှစ်ဝိုင်းမှာပဲ လူထိုင်နေသည်။ ထိုစားပွဲများပေါ်တွင် ထွန်းထားသည့် ဖယောင်းတိုင်မီးရောင် ဝါဝါလေးများက ပြတင်းမှန်ပေါ်မှာ ရောင်ပြန်လာဟပ်နေသည်။ အပေါ်ထပ်ကိုတော့ လှမ်းမမြင်ရ။

မီးရောင်မှိန်မှိန် ထွန်းထားသည့်ထဲတွင် စားပွဲခင်းဖြူဖြူ ခင်းထားသည့် လေးထောင့်စားပွဲလေးများကြား၌ အနက်ရောင် ယူနီဖောင်းဝတ် waiter တချို့ ဖြတ်လျှောက်သွားနေပုံမှာ လိုက်ဖက်ညီ လှပနေသည်။ နံရံပေါ်ချိတ်ထားသည့် ပန်းချီကားများနှင့် မျက်နှာကြက်မှ တွဲလောင်းကျနေသည့် မီးဆိုင်းကြီးများကလည်း ဆိုင်၏ခမ်းနားမှုကို ပံ့ပိုးပေးနေသည်။

'Crystal Light'Where stories live. Discover now