Chapter 25 (U+Z)

1.1K 49 1
                                    

(Unicode)

Chapter 25

ကားရှင်းနေသည့် လမ်းကြောတစ်လျှောက် ချယ် မောင်းလာသည့်ကားလေးက တရိပ်ရိပ် ပြေးလွှားနေသည်။ သူမ ရောက်နေသည့် နေရာကိုကြည့်ပြီး ပြုံးလိုက်မိသည်။ ဒီနေရာလေးကို တစ်ခေါက်ပြန်မရောက်တာတောင် ကြာခဲ့ပြီ။

လွန်ခဲ့သော တစ်နှစ်နီးပါးခန့်က မိုးတွေရွာနေသည့် တစ်ည။ သူမနှင့် ခွန်းဆက်မင်းလွင် ပထမဆုံး ဆုံခဲ့ကြသည့်ည။ တစ်နည်းအားဖြင့် သူမကို ဘုန်းစည်းစိမ် ပြန်ပေးဆွဲခဲ့သည့်ည။

ထိုစဥ်က ကားမှတ်တိုင်လေးသည် အခုလည်း ပုံစံမပျက် ရှိနေဆဲ။ ကားကို အရှိန်မပြတ် မောင်းရင်းမှ ဘက်မှန်ထဲကို ကြည့်လိုက်တော့ ကားအဖြူရောင်လေးကို ရှင်းရှင်းမြင်နေရသည်။ မြို့ထဲမှာတုန်းကတော့ ကားအစီးပေါင်းများစွာကြား ရောနေခဲ့ပေမယ့် ကားရှင်းသည့် လမ်းသွယ်တစ်ခုပေါ်မှာတော့ သူမ ကော်ဖီဆိုင်က ထွက်လာတည်းက ​မျက်ခြည်မပြတ် လိုက်နေခဲ့သည့်ကားသည် ထင်ထင်ရှားရှားကြီး ဖြစ်နေလေပြီ။

လမ်းအတိုင်း အရှိန်ပြင်းပြင်း မောင်းနေရာမှ ကားစတီယာရင်ကို ညာဘက်သို့ အားယူဆွဲကွေ့လိုက်သည်။ သူမကားလေးသည် လမ်းဘေးကပ်ပြီး ထိုးရပ်သွားသော်လည်း သူမ ထိုသို့လုပ်မည်ဟု ထင်ထားမှာမဟုတ်သည့် ကားဖြူလေးကတော့ ရုတ်တရက် အရှိန်မသတ်နိုင်ဘဲ သူမကိုကျော်သွားသည်။

စက္ကန့်လေး အနည်းငယ်သာ ကြာလိုက်သည်။ မျက်နှာချင်းဆိုင်မှ ရှေ့မီးကိုစုံဖွင့်လျက် ကားတစ်စီး အရှိန်ပြင်းစွာ မောင်းဝင်လာသည်။ သူဦးတည်နေသည်က ကားဖြူလေးဆီတည့်တည့်။ ခေါင်းချင်းဆိုင်တိုက်တော့မည့် အနေအထား။

တိုက်တော့ မတိုက်မိပါ။ ရှောင်လို့ မလွတ်တော့မှန်းသိသည့် ကားဖြူလေး ဘရိတ်အုပ်လိုက်ချိန်တွင် ကတ္တရာလမ်းနှင့် ကားတာရာ ပွတ်ဆွဲသွားသံကြီးသည် ချယ့်နားထဲထိပါ စူးဝင်လာသည်။ မျက်နှာချင်းဆိုင်မှ မောင်းလာသည့် ခွန်းဆက်မင်းလွင်၏ ကားအနက်ရောင်က ကားဖြူလေးရှေ့တွင် လမ်းကို ကန့်လန့်ဖြတ်လျက် ပိတ်ရပ်ထားသည်။

ကားဖြူလေးက ဘက်ဆုတ်ပြီး မောင်းပြေးဖို့ ကြိုးစားသေးသည်။ သို့သော် နောက်ကျသွားပါပြီ။ သူ့အနောက်တွင် နောက်ထပ်ကားနှစ်စီး ထပ်ရောက်လာပြီး လမ်းကို ပိတ်ဆို့ထားသည်။ စုစုပေါင်း ကားသုံးစီးက တြိဂံပုံ ခြံရံထားသည့်ကြားတွင် ကားဖြူလေး ထွက်ပေါက်မရှိတော့။

'Crystal Light'Where stories live. Discover now