(1) ဒစ်ဂျစ်တယ်နာရီ

3K 231 7
                                    

Unicode

(1) ဒစ်ဂျစ်တယ်နာရီ

"ငါလုပ်တာမဟုတ်ဘူးလို့ ပြောနေတယ်လေ၊ ယုံတာမယုံတာကတော့ မင်းသဘောပဲ" ဘေးနားကလူရဲ့လေသံက တိုးလျအက်ကွဲနေပြီး ထူးဆန်းတဲ့ ခံစားမှုကို ယူဆောင်လာပေးတယ်။

ပိုင်လန်က အဲဒိအသံကို ဘယ်တုန်းကမှ မကြားချင်ခဲ့ဘူး။ ဒါပေမယ့်အခု ပိုင်လန်ရဲ့ လက်ဖျားခြေဖျားတွေကို ပိုပြီးအေးစက်လာစေတာက စကားလုံးတွေနောက်ကွယ်က အဓိပ္ပါယ်ပဲ။

"ခင်ဗျားမဟုတ်ဘူးဆို၊ ဒါဆိုဘယ်သူလဲ" စကားလုံးတွေက ပိုင်လန်ရဲ့ ခြောက်သွေ့နေတဲ့ လည်ချောင်းတလျှောက်ကို ဖြတ်သန်းပြီး ထွက်လာတယ်။

"ငါ့ကို လာပြန်မေးနေတာလား" ပိုင်လန်ရဲ့ နေမထိထိုင်မထိပုံကို မြင်ပြီး အဲဒိလူရဲ့စကားသံက ရယ်သံတွေ စွက်လာတယ်။ "အဲဒါ.. မင်းကိုမင်း ပြန်မေးရမှာလေ"

ပိုင်လန်ရဲ့ခေါင်းက တစ်ခုခုနဲ့ရိုက်မိသလို အပြင်းအထန်နာကျင်မှုကို ခံစားလိုက်ရတယ်။ သူက ခေါင်းကို လက်နဲ့ကိုင်ပြီး နောက်ဖက်ကို ခြေနှစ်လှမ်းလောက် ဆုတ်လိုက်တယ်။

သူ့အရှေ့က အရပ်ရှည်ရှည်နဲ့ ခန့်ညားပြီး ဟိတ်ဟန်ကောင်းလှတဲ့လူက ခါးကိုကုန်းပြီး စားပွဲပေါ်က ရီမုတ်ကွန်ထရိုးကို ကောက်လိုက်တယ်။

"ဖလတ်!" အသံတစ်သံထွက်လာပြီး နံရံပေါ်ကတစ်ဝက်လောက်အထိ နေရာယူထားတဲ့ TV ကပွင့်လာတယ်။

ပိုင်လန်ရဲ့ ဦးနှောက်က ရှုပ်ထွေးနေပြီး ဝေခွဲမရတဲ့ အတွေးတွေထဲမှာ နစ်မြောနေတုန်းရှိသေးတယ်၊ TV ထဲက ထွက်လာတဲ့အသံကတော့ သူ့နားစည်ထဲကို ခပ်ပြင်းပြင်းဝင်ရောက်လာလေတယ်။

"အစောပိုင်းတွင်ကျင်းပခဲ့သော ရုပ်ရှင်သရုပ်ဆောင် ခန်းကျန့်၏သတင်းစာရှင်းလင်းပွဲအရ အာရှအပြည်ပြည်ဆိုင်ရာ ကုမ်ပဏီသူဋ္ဌေး၏သမီး၊ တစ်ဦးတည်းသောအမွေဆက်ခံသူဖြစ်သော ရှန်းလင်းလင်းသည် သူမ၏ ဆိုရှယ်မီဒီယာအကောင့်တွင် သူမနှင့်ခန်းကျန့်၏ စေ့စပ်ပွဲသတင်းကို လွန်ခဲ့သည့် ဆယ်မိနစ်ခန့်က အတည်ပြုခဲ့ကြောင်း.........."

ပိုင်လန်က ရုတ်တရက် ခေါင်းကို မော့လိုက်ပြီး TV ဖန်သားပြင်ကို မယုံကြည်နိုင်တဲ့မျက်ဝန်းတွေနဲ့ ငေးကြောင်ကြည့်နေမိတယ်။

ငွေကြယ်ပွင့်လေး၏ခိုနားရာWhere stories live. Discover now