(18) ကိုယ်တိုင်း ပေကြိုး (Part 2)

1.1K 189 4
                                    

Unicode

(18) ကိုယ်တိုင်း ပေကြိုး (Part 2)

{ Part (1) ကို ပိစိလေးပြန်တည်းဖြတ်ထားတယ်၊ တကယ်လို့ အရှေ့ပိုင်းမှာ နားမလည်တာများရှိခဲ့ရင် ကိုယ့်ရဲ့ညံ့ဖျင်းမှုလို့ ယူဆပါတယ်၊ အရှေ့ပိုင်းမှာ ယာချီတစ်ယောက်ပဲ စကားတွေကို ဒေါသတကြီးအရှည်ကြီးပြောနေတာပါ၊ ပိုင်လန်က တစ်ခွန်းနှစ်ခွန်းလောက်ပဲ တိုတိုလေးပြန်ပြောပါတယ်နော်၊ သူက ယာချီရဲ့စကားတွေကိုကြားပြီး စိတ်ထဲတစ်ခုခုခံစားသွားရတာပါ ၊ ဒီအပိုင်း (၁၈)ကို တစ်ဆက်တည်းဖတ်ရင် ပိုကောင်းမှာပါ}

မိနစ်အနည်းငယ်အကြာမှာတော့ ဆရာလီဖူထွက်လာတယ်။

လီဖူက ခန့်မှန်းခြေအသက် (၆၀)ကျော်လောက်ရှိပြီ။ မီးခိုးရောင်ဘက် သန်းလုပြီဖြစ်တဲ့ ဆံပင်တွေနဲ့ ပိန်ပိန်ပါးပါးအသွင်ရှိတယ်။ ဒါပေမယ့် လက်ပြင်တစ်ချက်မကုန်း သန်မာဆဲပါပဲ။

ပိုင်လန့်ကိုတွေ့တွေ့ချင်းမှာ လီဖူကပြုံးပြလိုက်ပြီး ခန့်ညားလှပတယ်လို့လည်း ချီးကျူးလိုက်လေတယ်။ ဘာကြောင့်လဲဆိုတော့ နဂိုရှိမှ နဂိုင်းထွက်ဆိုသလို ဝတ်စုံတစ်စုံကို ဝတ်ဆင်ဖို့ဆိုတာ ရုပ်ခံကလည်း အရေးကြီးတာကိုး။ လီဖူက ချိုးရှောင်ဟိုင်ကို လက်ပြလိုက်ပြီး ချစ်ခင်နှစ်သက်တဲ့အမူအရာနဲ့ ခေါင်းပုတ်ပေးလိုက်တယ်။ သူက ဒီအရွယ်ကလေးငယ်လေးတွေအတွက် အင်္ကျီအမြဲချုပ်ပေးချင်ခဲ့တာ။ ဒါပေမယ့်သူလည်းချုပ်ပြီးရော ကလေးတွေက ထွားလာပြန်ရောလေ။

သူ့ရဲ့ ဖော်ရွေပြီးနူးညံ့ညင်သာတဲ့ သဘောထားက အခြားနာမည်ကြီးအပ်ချုပ်ဆရာတွေနဲ့မတူဘူး။ သူတို့တွေ ခဏလောက် စကားစမြည်ပြောအပြီးမှာတော့ ပိုင်လန်လည်း လိုက်လျောညီထွေဖြစ်သွားတယ်။ သူက ချိုးရှောင်ဟိုင်ကို စားပွဲတစ်လုံးမှာ နေရာချပေးပြီး ယူလာတဲ့ပုံဆွဲခဲတံတွေနဲ့ ကစားနေစေတယ်။ ပြီးတော့မှ ဆရာလီဖူနဲ့ အလုပ်အကြောင်းပြောကြလေတယ်။

လီဖူရဲ့လည်ပင်းမှာက တွဲလောင်းကျနေတဲ့ ပေကြိုးတစ်ချောင်းရှိတယ်။ သူက ပိုင်လန့်ကို မတ်တပ်ရပ်ဖို့ ညွှန်ပြလိုက်တာပေါ့ "တကယ်တမ်း ကျွန်တော်က ရှင်းပြတဲ့နေရာမှာ သိပ်မကျွမ်းကျင်ဘူး၊ ဘေးနားက လိုက်ကြည့်ပြီး နားမလည်တာရှိရင် မေးပေါ့၊ ရတယ်မလား?"

ငွေကြယ်ပွင့်လေး၏ခိုနားရာWhere stories live. Discover now