Unicode
(27) မိသားစုသူငယ်ချင်း (Part 1)
အဲဒိညမှာ ချိုးချန်အိမ်ပြန်ရောက်လာပြီး သော့ကိုလှည့်၊ အိမ်တံခါးကိုဖွင့်လိုက်တဲ့အချိန် အထဲမှာ ခါတိုင်းလိုတီဗွီကလာတဲ့ ကာတွန်းသံဆူဆူညံညံတွေကို မကြားရဘူး။ သူက ဖိနပ်ကိုချွတ်ပြီး ဧည့်ခန်းထဲချောင်းကြည့်လိုက်တယ်။
ဧည့်ခန်းထဲမှာ ပိုင်လန်ကချိုးရှောင်ဟိုင်ကို ပေါင်ပေါ်တင်ပြီးဖက်ထားတာကို သူမြင်တယ်။ သူတို့နှစ်ယောက်ရဲ့ခေါင်းတွေပူးကပ်နေတာ လျှို့ဝှက်ချက်တွေတီးတိုးတိုင်ပင်နေကြတဲ့အတိုင်းပဲ။ နှစ်ယောက်လုံးက အာရုံစိုက်နေကြတော့ ချိုးချန်ဝင်လာတာတောင် မသိကြဘူး။
ချိုးချန်ရဲ့မျက်ခုံးတွေမြင့်တက်သွားလေရဲ့။ သူက လျှောက်ဝင်လာပြီးမေးလိုက်တယ် "နှစ်ယောက်သား ဘာတွေလုပ်နေကြတာလဲ?"
သူ့အသံကြားတော့ နှစ်ယောက်စလုံးက တစ်ပြိုင်နက်တည်းလှည့်ကြည့်တယ်။
ပိုင်လန့်ကိုကြည့်ရတာ နည်းနည်းတော့စိတ်ရှုပ်ထွေးနေပုံရတယ်။ ချိုးရှောင်ဟိုင်ရဲ့မျက်လုံးတွေကတော့ နှစ်ဖက်လုံးနီရဲနေလေရဲ့။
ချိုးချန်က အံ့အားသင့်သွားတာပေါ့ "အိုး.. ငါတို့ဝက်လေးကို ဘယ်သူအနိုင်ကျင့်လိုက်တာလဲ?"
ချိုးရှောင်ဟိုင်က ခေါင်းကိုတစ်ဖက်လှည့်လိုက်ပြီး မေးတာပြန်မဖြေဘူး။ သူက နှုတ်ခမ်းစူပြီး ပိုင်လန့်ရင်ဘတ်ထဲ ခေါင်းကိုဝှက်ထားတယ်။
ပိုင်လန်လည်း ချိုးချန်အမေးကို ပြန်မပြောပါဘူး။ ပေါင်ပေါ်ကကောင်လေးကိုပဲပွေ့ဖက်ထားပြီး အနမ်းတွေဆက်တိုက်ပေးနေတယ် "တော်ပြီနော်၊ နောက်ထပ်မငိုနဲ့တော့၊ အားပိုင်တို့ သဘောတူထားပြီးပြီလေ၊ လက်သန်းချင်းတောင်ချိတ်ပြီး ကတိပေးထားပြီးပြီ၊ ဟုတ်တယ်မလား?"
ချိုးချန်က ပိုင်လန့်နားဝင်ထိုင်ပြီးမေးလိုက်တယ် "ဘာဖြစ်နေတာလဲ?"
ပိုင်လန်က စိုးရိမ်တာတစ်ဝက်၊ အကူအညီမဲ့တာတစ်ဝက် ပေါင်းစပ်ထားတဲ့မျက်နှာကိုသာ ဖော်ပြနိုင်ပါတယ်။ ဒီအချိန်မှာ ချိုးရှောင်ဟိုင်က သနားစဖွယ်အသံလေးနဲ့ပြောလေတယ်