(27) မိသားစုသူငယ်ချင်း (Part 2)

1.2K 191 5
                                    

(27) မိသားစုသူငယ်ချင်း (Part 2)

နောက်တစ်နေ့မှာ ချိုးရှောင်ဟိုင်က ပိုင်လန့်လက်ကိုတစ်ဖက် ချိုးချန်လက်ကိုတစ်ဖက် လွှဲရမ်းပြီး ပျော်ပျော်ရွှင်ရွှင်ကျောင်းသွားတက်တယ်။

သူ့ခြေထောက်သေးသေးလေးနှစ်ဖက်က ခုန်ဆွခုန်ဆွလုပ်နေတာ မြေကြီးနဲ့လွတ်မတတ်ပဲ။

ပိုင်လန်က ချိုးရှောင်ဟိုင်ကို ကျောင်းခန်းထဲလိုက်ပို့နေတဲ့အချိန်မှာ ချိုးချန်က နေကာမျက်မှန်ကိုချွတ်ရင်း ဆရာမနဲ့ဟိုဘက်နားသွားစကားပြောလိုက်ဦးမယ်လို့ အချက်လှမ်းပြတယ်။ ပိုင်လန်ကတော့ စာသင်ခန်းထဲ ပရိသတ်သေးသေးလေးတွေပတ်လည်ဝိုင်းလို့ အလုပ်များနေတာကြောင့် ချိုးချန်နဲ့ဆရာမ ဘာတွေပြောကြသလဲတော့ မကြားလိုက်ဘူး။ စာသင်ခန်းထဲကထွက်လာကြတော့ ဆရာမမျက်နှာပေါ်ကအပြုံးတွေ အေးခဲနေတာပဲ တွေ့လိုက်တယ်။ ချိုးချန်က သူ့နေကာမျက်မှန်ကို ပြန်တပ်လိုက်တယ်။

နှစ်ယောက်သားက မူကြိုကျောင်းထဲက အတူတူထွက်လာရင်း ပိုင်လန်က မနေနိုင်တော့လို့မေးလိုက်ရလေတယ် "ဆရာမကို ဘာတွေသွားပြောလိုက်တာလဲ၊ ကိစ္စတွေရှုပ်ထွေးကုန်အောင် မဟုတ်ကဟုတ်ကတွေသွားပြောလိုက်တာတော့ မဟုတ်ဘူးမလား"

ချိုးချန်က အကြံဆိုးနဲ့ထရယ်တယ် "ကိုယ်က ရှုပ်ထွေးအောင်မဟုတ်တာနဲ့ပဲ အခြားသူတွေကိုလည်း လုပ်ခွင့်ပြုလိုက်တာမဟုတ်ဘူး၊ ဆရာ ဆရာမတွေနဲ့ ရင်းနှီးမှုတည်ဆောက်ထားရမှာ မိဘတွေရဲ့တာဝန်ပဲလေ"

ပိုင်လန်က ချိုးချန်ကို သံသယမျက်ဝန်းနဲ့ကြည့်လိုက်တယ်။ ချိုးချန်ကတော့ သူ့လက်မောင်းတစ်ဖက်ကို ပိုင်လန့်ပုခုံးပေါ်တင်လိုက်လေရဲ့ "ဘယ်လိုမျက်နှာထားနဲ့ကြည့်နေတာတုန်း၊ ဒီမှာ ကိုယ်ပြောမယ်.. မင်းက အခုချိန်ကစပြီး ရှောင်ဟိုင့်မိဘအုပ်ထိန်းသူနေရာမှာ တစ်ယောက်အပါအဝင်ဖြစ်သွားပြီ၊ ကိုယ် ဆရာမကို ပြောပြီးသွားပြီ"

ပိုင်လန်ကတော့ ဆွံ့အသွားတဲ့အမူအရာနဲ့သာ ကြည့်လိုက်နိုင်လေတယ်။

ချိုးချန်က မျက်ခုံးတွေကိုပင့်ရင်းပြောပါတယ် "အိုကေ အိုကေ.. ရင်းနှီးတဲ့မိသားစုသူငယ်ချင်းလို့ပြောလိုက်တာပါ၊ မိသားစုသူငယ်ချင်း..."

ငွေကြယ်ပွင့်လေး၏ခိုနားရာWhere stories live. Discover now