Unicode
(15) ယုန်ကလေးပေါက်စီ
"—! ဝူး ဝါး —-"
ရိုက်ခံလိုက်ရတဲ့ ချိုးရှောင်ဟိုင်က မျက်နှာတစ်ခုလုံးနီတဲ့အထိ ငိုနေတယ်။ ပုံစံလေးက သနားစရာဖြစ်နေပေမယ့် သူက ချိုးချန်ရဲ့လည်ပင်းကိုလည်း လွှတ်လိုက်ဖို့စိတ်ကူးမရှိဘဲ တွယ်ဖက်ထားဆဲပဲ။
ချိုးချန်လည်း အဖေတစ်ယောက်ပဲမလား။ သူက စိတ်ထဲက သနားသွားပေမယ့် ပါးစပ်ကတော့ ဆူပူတဲ့စကားတွေပဲ ထွက်လာတယ်။ "အခုတော့ တွယ်ကပ်နေလိုက်တာ မျှော့လား..ဟင်၊ မင်းကို မရိုက်ရက်ဘူး မထင်နဲ့.. ရိုက်မှာ၊ အိမ်ကထွက်ပြေးတာ ဘယ်နှခါရှိနေပြီလဲ၊ ပြောစမ်း!"
"ဝူး..ဝူး...." ချိုးရှောင်ဟိုင်က စိတ်မချမ်းမြေ့ဖြစ်စရာကောင်းလောက်အောင် ငိုနေပြီး သူ့ကိုယ်သူ ချိုးချန်ရဲ့ခေါင်းနဲ့လည်း ပွတ်တိုက်နေတယ်။ "... သုံးခါ"
"ငါ့ဖင်ကို သုံးခါ! ငါးခါ ရှိပြီကွ!" ချိုးချန်က ချိုးရှောင်ဟိုင်ရဲ့တင်ပါးကို နောက်ထပ်သုံးလေးငါးချက်လောက် ထပ်ရိုက်လိုက်တယ် "နောက်တစ်ခါ ထွက်ပြေးမယ်ကြံရင် ငါ့စကားတွေကို မြဲမြဲမှတ်ထား၊ မင်းကို လိုက်မရှာတော့ဘူး၊ ကြိုက်တဲ့နေရာသာပြေး..ငါ လိုက်ရှာမှာလားစမ်းကြည့်လိုက်!"
ပိုင်လန်က ဘေးနားမှာ တိတ်တိတ်လေးပဲ ကြည့်နေတယ်။ ဒါက သူ မမြင်ဖူးခဲ့တဲ့ ချိုးချန်ရဲ့မျက်နှာတစ်ဖက်ခြမ်းပါ။ သူက လှည့်ထွက်ပြီး မီးဖိုချောင်ထဲကိုသွားကာ ရေနွေးနွေးလေးတစ်ခွက်သွားယူတယ်။ ချိုးရှောင်ဟိုင်က အသံတွေတုန်လာတဲ့အထိ ငိုနေပြီး အစောလေးတင်မှ ပန်ကိတ်တွေလည်းစားထားတော့ ရေဆာနေမှာ ကြိမ်းသေတယ်။ ပြီးတော့ သူ နားမထောင်သင့်တဲ့စကားတွေကိုလည်း အလိုလိုရှောင်ပြီးသား ဖြစ်သွားတယ်လေ။
ချိုးရှောင်ဟိုင်က ကြို့ထိုးလိုက်ပြီး သနားဖို့ကောင်းတဲ့လေသံလေးနဲ့ ပြောလိုက်တယ် ".... သားက ထွက်ပြေးတာမဟုတ်ပါဘူး၊ ဖေဖေနဲ့ အတူနေချင်လို့ပါ....."
"အဆင်မပြေဘူးလို့ ပြောထားတယ်လေ၊ ဖေဖေက ဒီမှာ အမြဲမနေဘူး" ချိုးချန်က မျက်မှောင်ကြုံ့လိုက်တယ် "မင်းကိုတွေ့ဖို့ အိမ်အမြဲပြန်လာပဲ မဟုတ်ဘူးလား၊ အိမ်စာတွေအကုန်လုံးကို နေ့တိုင်းလက်မှတ်ထိုးပေးတာပဲလေ"