(16) ဆေးဘက်ဝင်စွပ်ပြုတ်

1.2K 221 11
                                    

(16) ဆေးဘက်ဝင်စွပ်ပြုတ်

ချိုးရှောင်ဟိုင်တစ်ယောက် ဒီသက်လတ်ပိုင်းအမျိုးသမီးကိုမြင်ပြီး ပထမဆုံးလုပ်တာက ပိုင်လန့်နောက်ကို ဝင်ပုန်းလိုက်တာပဲ ဖြစ်တယ်။ ပြီးတော့ သူ့လက်သေးသေးလေးတွေနဲ့လည်း ပိုင်လန့်ခြေထောက်ကို ကုတ်တွယ်ထားသေးတယ်။

ပိုင်လန်က အနည်းငယ်တုန့်ဆိုင်းသွားပြီးမှ အမျိုးသမီးကို ပြုံးပြလိုက်လေတယ် "ဟုတ်ကဲ့... ခင်ဗျားက?"

သက်လတ်ပိုင်းအမျိုးသမီးရဲ့အပြုံးတွေက ပိုပြီးတောက်ပလာပါတယ် "ကျွန်မက မစ္စတာချိုးငှားထားတဲ့ ကလေးထိန်းပါ၊ ကျွန်မနာမည်က ယန်လိ၊ ရှောင်ဟိုင်ကတော့ ကျွန်မကို အန်တီယန်လို့ခေါ်တယ်" စကားတွေပြောပြီးနောက်မှာ သူမက ရှောင်ဟိုင့်ကို ပြုံးပြလိုက်ပေမယ့် ချိုးရှောင်ဟိုင်ကတော့ ပိုပြီးနောက်ကိုဆုတ်ဝင်သွားတယ် "မစ္စတာချိုးက ကျွန်မကို ပြောပြထားပါတယ်၊ ဒီရက်ပိုင်းရှောင်ဟိုင်က ရှင့်အိမ်မှာနေမယ်ဆိုတာကိုပေါ့၊ ဒါပေမယ့် သိရသလောက် မစ္စတာပိုင်လည်း အလုပ်များတဲ့သူပဲလေ၊ ကလေးပါ စောင့်ရှောက်နေရရင် အဆင်မပြေဖြစ်လာနိုင်တယ်လို့ ကျွန်မကထင်လို့ပါ၊ ဒါကြောင့် ကျွန်မကူညီမယ်ဆိုရင် ပိုပြီးကောင်းသွားမလားလို့လေ"

ပိုင်လန်က မျက်ခုံးတွေမြင့်တက်သွားရင်း ငြင်းပယ်မယ်ကြံရုံရှိသေးတယ် ယန်လိက ရယ်ပြီး ဆက်ပြောပြန်တယ် "မစ္စတာပိုင်က ကြင်နာတတ်တယ်၊ ရှောင်ဟိုင့်ကိုလည်း စောင့်ရှောက်ပေးချင်တာ သိပါတယ်၊ ဒါပေမယ့် ကျွန်မတောင် ရှောင်ဟိုင်ရဲ့အစားအသောက်၊ နေထိုင်ပုံတွေနဲ့ရင်းနှီးဖို့ ခြောက်လလောက် အချိန်ပေးခဲ့ရတာ၊ မစ္စတာချိုးကလည်း အိမ်မှာအမြဲမရှိတော့ ရှောင်ဟိုင်တစ်ယောက် ထမင်းစားရင် ဘယ်လောက်ချေးများလည်း မသိဘူး၊ ပြီးတော့ ကလေးဆိုတော့ ပြောရဆိုရလည်း ခက်သေးတယ်၊ သူ့ကိုလုပ်ပေးနေတဲ့သူ ပြောင်းသွားရင် နေသားမကျဖြစ်နေမှာစိုးလို့၊ ကျောင်းစာတွေလည်း ထိခိုက်လာမှာ စိုးလို့ပါ"

ယန်လိက ရှောင်ဟိုင့်ကိုကြည့်ပြီး သဘောမနောကောင်းလှတဲ့ အပြုံးလေးတစ်ခု ပေးလိုက်တယ် "ရှောင်ဟိုင်က အတွေ့အကြုံအသစ်အဆန်းလေးတွေ လိုချင်နေတာဖြစ်မှာပါ၊ ဒါပေမယ့် ကျွန်မ စဉ်းစားတာကတော့ ရှောင်ဟိုင်ကျောင်းဆင်းပြီးရင် အိမ်ကိုပြန်လာတာက ပိုသက်တောင့်သက်သာ ရှိမလားလို့လေ၊ ကျောင်းပိတ်ရက်တွေတော့ မစ္စတာပိုင့်ဆီ လာလည်ချင် လာလည်ပါစေပေါ့၊ ဒါဆို အကုန်လုံးအတွက်လည်း အဆင်ပြေတယ်မလား၊ ကျွန်မကလည်း မစ္စတာချိုးဆီက လစာယူထားရတော့ အလကားသက်သက်ကြီးဖြစ်နေမှာလည်း စိုးလို့ပါ"

ငွေကြယ်ပွင့်လေး၏ခိုနားရာWhere stories live. Discover now