(35) စီးကရက်

1.3K 195 7
                                    

(35) စီးကရက်

"ဒီနေ့ ဒီကို ဘာကိစ္စနဲ့လှည့်ဝင်လာရတာလဲ?"

ချိုးချန်က ကုန်သွယ်ရေကြောင်းပို့ဆောင်ရေးကုမ်ပဏီရဲ့ရုံးချုပ်မှာ များသောအားဖြင့်ရုံးထိုင်လေ့မရှိဘူး။ ဒါပေမယ့် ဒီနေ့မှာတော့ မမျှော်လင့်ထားတဲ့ဧည့်သည်တစ်ယောက် ရောက်လာတယ်။

ဝမ်ယွင်က အနည်းငယ်တော့အံ့သြနေပုံရတယ်။ သူက မျက်လုံးအပြူးသားနဲ့ ချိုးချန်ရဲ့ ဇိမ်ခံရုံးခန်းကြီးထဲကို လျှောက်ဝင်လာပါတယ်။

ရုံးချုပ်က ဆိပ်ကမ်းဘေးနားကပ်ရပ်တည်ရှိတဲ့ ကြီးမားလှတဲ့အဆောက်အဦးကြီးပါ။ ကြမ်းပြင်ကနေ မျက်နှာကျက်ထိတိုင်မြင့်တဲ့ မှန်ပြတင်းပေါက်ကြီးကြီးတွေကြောင့်လည်း ပင်လယ်ကြီးရဲ့ပတ်ပတ်လည်မြင်ကွင်းကိုမြင်ရပြီး ကျယ်ဝန်းလှတဲ့ရုံးခန်းကြီးကို ပိုပြီးပြည့်စုံစေတယ်။

ဝမ်ယွင်က ဘာမှမပြောခင် ပင့်သက်တစ်ချက်ကိုအရင်ရှိုက်တယ် "မင်းကိုကြည့်ရတာ ဒီနှစ်တွေအတွင်း ဘာမှမပြောင်းလဲဘူးလို့ထင်ရပေမယ့်... ငါ ဒီနေရာကိုရောက်လာတော့မှ ခံစားမိတယ်၊ မင်းက သူဌေးကြီးတောင်ဖြစ်နေမှကိုး.."

ချိုးချန်ကရယ်တယ်။ ပြီးတော့မှ ဝမ်ယွင်ကို ဆိုဖာခုံပေါ်ထိုင်ဖို့ အချက်ပြလိုက်တယ် "ထိုင်"

ဒီအချိန်မှာ ညင်သာတဲ့ရုံးခန်းတံခါးခေါက်သံသုံးချက်ကြားလိုက်ရပြီး သေသပ်ကျနစွာဝတ်ဆင်ထားတဲ့ အတွင်းရေးမှူးတစ်ယောက်က လက်ဖက်ရည်အိုးတင်ထားတဲ့လင်ပန်းကို ကိုင်ဆောင်လို့ဝင်လာတယ်။ သူမက လင်ပန်းကို ခုံပေါ်တင်ပြီးတာနဲ့ ချက်ချင်းပြန်ထွက်သွားတာပေါ့။ ဒီလိုမျိုး အမိန့်နာခံတတ်အောင်သေချာလေ့ကျင့်ပေးထားတဲ့ ဝန်ထမ်းမျိုးက ကုမ်ပဏီရဲ့အဆင့်အတန်းမြင့်မားမှုကို ဖော်ပြနေပါတယ်။

ဒါပေမယ့် ဒီထဲမှာ ချိုးချန်တော့မပါဘူး။ သူဝတ်နေကျပွင့်ရိုက်ရှပ်အင်္ကျီတွေက ပိုင်လန့်ကျေးဇူးနဲ့ တော်ဝင်ဝတ်စုံကချုပ်ပေးတဲ့ ကိုယ်တိုင်းရှပ်အင်္ကျီတွေဆီပြောင်းသွားပေမယ့် သူကတော့ အင်္ကျီကို အပေါ်ဆုံးကြယ်သီးဖြုတ်၊ လက်တံတောင်ဆစ်ခေါက်တင်ပြီး ဝတ်တုန်းပဲ။ သူ့ရဲ့မာနကြီးပြီး အရိုင်းဆန်တဲ့အမူအကျင့်တွေကတော့ ခါတိုင်းပုံစံ နည်းနည်းလေးမှတောင် မပြောင်းလဲသေးပါဘူး။

ငွေကြယ်ပွင့်လေး၏ခိုနားရာWhere stories live. Discover now