Part1

6.7K 160 0
                                    

"မေမေ....ဒါ ကူးတို့နေရမယ့်အိမ်ပေါ့နော်... "
"ဟုတ်တာပေါ့သမီးရဲ့....ဒါပေမယ့် မေမေတို့ကခဏလာနေတာ သမီးဖေဖေရဲ့အလုပ်ကိစ္စတွေပြီးရင် ရန်ကုန်ကိုပြန်မှာ..."
"ဘာပဲဖြစ်ဖြစ် ကူးကတော့ ကူးတို့အိမ်အသစ်ကိုသဘောကျတယ် ဟီး..."
အမေဖြစ်သူကို ဖက်ထားရင်း ပြုံးပြီးပြောလေသည်။
ကူးတို့က ရန်ကုန်မှာနေကြတယ်လေ။ ဖေဖေ့ရဲ့လုပ်ငန်းကိစ္စတွေကြောင့် မန္တလေးမှာလာနေကြဖို့ အစီစဉ်ဖြစ်လာခြင်းပင်။ ငယ်ငယ်ကတည်းက မတောင်းမတဖြင့် မိဘတွေ၏ဂရုစိုက်အလိုလိုက်ခြင်းကို အထူးခံရသည့်ကူးက တစ်ဦးတည်းသောသမီးပီပီ ဆိုးချင်သည်။
"မေမေ ကူး အိမ်ထဲလျှောက်ကြည့်လိုက်ဦးမယ်နော်..."
"အေးအေး သွား ချော်ချက်လဲဦးမယ်ကွယ် ဖြေးဖြေးသွားပါ..."
လှေကားအတိုင်းအပြေးလေးတက်သွားသည့် ကူးကို မေမေကစိတ်ပူစွာဖြင့် အော်ပြောနေလေ၏။ ကူးက ဝရန်တာသို့ရောက်နေပြီဖြစ်သည်။
ကူးက အခုလိုအပေါ်စီးကနေ ရှုခင်းတွေကြည့်ရတာသဘောကျသည်။ တိတ်ဆိတ်မှုတွေနှင့်အတူ ကူးကို လာရောက်တိုးဝေ့ကျီစယ်သည့်လေပြေလေးတွေအား တဝကြီးရှုသွင်းလိုက်သည်။ ထိုစဉ် ကူးတို့နှင့်မျက်နှာချင်းဆိုင်အိမ်ရဲ့ ဝရန်တာလေးသို့ တစ်စုံတစ်ယောက်ထွက်လာသည်။ လူသစ်ဖြစ်သည့် ကူးက ထိုလူကိုစိတ်ဝင်တစားရပ်ကြည့်နေမိသည်။ ထိုလူ့လက်ထဲမှာလည်း ဂစ်တာတစ်လက်နှင့်ဖြစ်သည်။ ပခုံးကျော်သည့် ဆံပင်တွေအားလက်ဖြင့် လှန်သလပ်တင်လိုက်သော်လည်း ကပိုကရိုကျဆင်းနေသေးသည့် ထိုလူ။ နောက်မှီထိုင်ခုံတစ်ခုပေါ်တွင် အကျအနထိုင်ကာ ဂစ်တာကြိုးညှိနေသည့် ကူးရဲ့အိမ်နီးချင်းအား စိတ်ဝင်တစားကြည့်နေမိသော်လည်း ယောကျာ်းလား မိန်းမလားမသဲကွဲပေ။ အသွင်အပြင်ပုံစံက ယောကျာ်းလေးပုံပေါက်နေသည်၊ ဒါပေမယ့် ဆံပင်သပ်တင်လိုက်တုန်းက မြင်လိုက်ရသည့် နှာတံပေါ်ပေါ် မျက်ခုံးနက်နက် နှုတ်ခမ်းပါးပါးလေးက မိန်းကလေးနှင့်တူနေသည်။ ဝေခွဲရခက်နေသည့် ကူးက ကြည့်ကောင်းကောင်းနှင့် ဝရန်တာတွင်မေးလေးထောက်၍ပင် ကြည့်နေမိသည်။ အဲ့လူကတော့ သူ့ဂစ်တာနဲ့အလုပ်ရှုပ်နေသည်မို့ ကူးကိုမမြင်ပေ။ ထိုလူ ဂစ်တာတီးဖို့ ဟန်ပြင်နေစဉ်...
"ဝုန်း...!"
"ခွမ်း...."
ထိုလူရဲ့အိမ်ထဲမှ တစ်ခုခုကို ထုခွဲပစ်ပေါက်နေသည့် ဆူညံသံတွေကြားရသည်။ ကူးက လန့်သွားသော်လည်း ထိုလူကတော့ လန့်မသွားသလို အံသြရိပ်လည်းမပြပေ။ ခဏလောက်နေတော့ ဝရန်တာတွင် ဂစ်တာထားခဲ့ကာ ထိုလူ သူ့အိမ်အောက်ထက်သို့ ဆင်းသွားတော့သည်။
စပ်စုတတ်သည့် ကူးမှာသာ သိချင်စိတ်တွေဖြင့် လည်ပင်းရှည်ပြီးကြည့်နေမိတော့သည်။ တစ်ခါတလေ ထိုစပ်စုတတ်သည့် အကျင့်ဆိုးလေးကိုပဲ (ချစ်စနိုးဖြင့်) အမြင်ကပ်သည့် ဖေဖေနှင့်မေမေက ကူးရဲ့ "စန္ဒကူး"ဟူသည့် နာမည်လေးအစား"စပ်စုကူး"ဟု စနောက်ကျီစယ်တတ်ကြလေသည်။
❇❇❇❇❇❇❇❇❇❇❇❇
"ရှင်ကပန်းကန်တွေကိုခွဲတယ်ပေါ့ ရတယ်လေ ကျွန်မကလည်း ဒီပန်းအိုးကိုခွဲတယ်ရှင်...."
"ခွမ်း.....!"
ကြမ်းပြင်နှင့်မိတ်ဆတ်ခြင်းခံလိုက်ရသည့် ပန်းအိုး၏ အစအနတွေက လှေကားပေါ်မှ ဆင်းလာသော ခါး၏ ခြေအစုံတွင်ရပ်တန့်ကုန်၏။
"မင်းက ဒီလိုလား ရတယ်လေ...."
သူမကိုမမြင်သေးသလို ရန်ဖြစ်ကောင်းနေသည့် မိဘနှစ်ပါးအား စိတ်ကုန်ခြင်းများစွာဖြင့် ကြည့်နေမိသည့် ခါး။လှေကားပေါ်မှာပဲ ငုတ်တုတ်ထိုင်ပြီး ကြည့်နေမိသည်။ ဝင်တားရင် ပိုဆိုးမယ်ဆိုတာ ခါးမသိပဲနေမလား။ ဒါကြောင့် မတားပဲထိုင်ကြည့်နေလိုက်သည်။
"အဖေတကွဲ အမေတကွဲ မနေရတာကိုပဲ ကျေးဇူးတင်စမ်းပါ..."ဟူသည့် မာတာပီတုမိဘနှစ်ပါး၏ ပြောစကားကို ပြန်ကြားယောင်မိသည်။ သူမ သိတတ်စအရွယ်ကတည်းက ခုလိုရန်ဖြစ်တာကို မကြာခဏဆိုသလိုမြင်ဖူးသည်။ စိတ်ဆတ်ပြီးတလွဲမာနကြီးကြသည့် စရိုက်တူနှစ်ယောက်ဖြစ်သည့် မိဘတွေကြားမှာ နေ့တိုင်းစိတ်ဆင်းရဲနေရသည်က ခါးပင်ဖြစ်သည်။ မညီမျှခြင်းတွေက ခါး မွေးပြီးနောက်ပိုင်းမှ ဖြစ်လာရတယ်လို့ ပြောတဲ့ အဖေနဲ့အမေရဲ့စကားက သူမနှလုံးသားကို တစိုက်မတ်မတ်ထိုးသွင်းသည့် ဓားသွားများပင်ဖြစ်သည်။ ထမင်းစားနေရင်းလည်း ရန်ထဖြစ်တတ်သည်။ ရန်ဖြစ်တဲ့အခါလည်း အချင်းချင်းသတ်ပုတ်တာမျိုးမရှိဘဲ ရှိသမျှ ပစ္စည်းတွေကို ရိုက်ခွဲပစ်တတ်ကြသည်။ ဒီလိုအချိန်မှာ ဝင်တားရင် တားတဲ့သူပဲ အအော်ခံရမည်။ အခန့်မသင့်ရင် ရောညှပ်ပြီး အရိုက်ခံရတတ်သေး၏။
"ဩ နင်ရှိနေတာပေါ့  ဒါတောင်မှ ထိုင်ကြည့်နေတယ်နော် နင်တော်တော်စိတ်ချမ်းသာနေတာပေါ့ ဟုတ်လား..."
ခါးကိုမြင်သွားသည့် အမေ့ထံမှ ကြားရသော စကားသံဖြစ်သည်။
"ငါတို့ကိုဘယ်အချိန်ကတည်းက ဒီလိုဖြစ်စေချင်နေတယ်မသိဘူး... "
အဖေ့ရဲ့ထပ်လောင်းရေရွတ်လိုက်သည့်အသံက မေတ္တာမဲ့လွန်း၏။
ရင်ထဲမှာ အတိုင်းအဆမရှိ နာကျင်ရသော်လည်း နှုတ်ခမ်းတို့ကမဲ့ပြုး ပြုံးထားလိုက်သည်။
"အဖေတို့အမေတို့ကို နှောင့်ယှက်သလိုဖြစ်မှာဆိုးလို့ပါ...အေးဆေးဆက်ဖြစ်ကြပါ ကျွန်တော်က အပြင်သွားမှာ..."
ပြုံးထေ့ထေ့ပြောရင်း နှစ်ယောက်ကြားမှ ဖြတ်လျှောက်လာခဲ့သည်။
"အ...!!"
ဖန်ကွဲစကခြေဖဝါးသို့ ထိုးစိုက်သွားသည်မို့ ခါး ဆွဲနှုတ်ပစ်လိုက်သည်။ ပြီးတော့ ဧည့်ခန်းထဲသို့သွားကာ ဟိုရှာသည်ရှာလုပ်နေသည်။
"ပေပေတေတေနဲ့ ဖန်ကွဲစတွေမြင်ရဲ့သားနဲ့နင်းသွားတယ်..."
အမေ့ရဲ့ မြည်တွန်တောက်တီးသံအား ဂရုမထားမိလေဟန်ဖြင့် ခါး ဆက်ရှာနေမိသည်။
"အဖေ့ ကျွန်တော့် ဆေးလိပ်ဘူးရော..."
ထိုစကားကိုကြားတော့ အမေအတော်လေး မျက်လုံးပြူးသွားဟန်ရှိသည်။
"အမယ်လေးတော် မိန်းမဖြစ်ပြီး ဆေးလိပ်သောက်တယ်ဟုတ်လား နင်အတော်ပျက်စီးနေတာပေါ့လေ...တော်တော်စိတ်ကုန်ဖို့ကောင်းတဲ့မိန်းမ... "
ထိုသို့အားပါးတရပြောနေသည့် အမေ့စကားတွေကြောင့် ခါး သဘောတကျပြုံးလိုက်မိသည်။ ဒီစကားတွေက ခါးကို ဂရုစိုက်သည်ဟုထင်တာမို့ ကျေနပ်နေမိသည်။
အဆုံးမခံချင်လို့ ဆိုးမိုက်ပြနေတာတွေကို အဖေနဲ့အမေ ဘယ်သိလိမ့်မလဲ..။
"စားပွဲပေါ်တင်ထားတဲ့ဘူးလား..."
ခါးက ဝင်မတားသည့်ရန်ပွဲက ခါး ဝင်လာရင် ခုလိုမျိုး ဦးတည်ချက်လွဲ သွားတတ်သည်။ ဒါကိုပဲ ခါး ကျေနပ်မိသည်။ ခါးကို ဆူဆူဆဲဆဲ ခါးကြောင့် သူတို့ရန်ဖြစ်တာ တစ်စခန်းနားသွားတာကိုပဲ ကျေနပ်နေမိသူဖြစ်သည်။
"ဟုတ်တယ်..."
အဖေ့ရဲ့အမေးကို အတန်ကြာမှပြန်ဖြေလိုက်သည်။
"ငါယူသောက်လိုက်တာ ဆေးလိပ်ကလည်း သိပ်မကျန်တော့လို့... နင် ကျေနပ်လား မကျေနပ်လည်းနေ..."
"ထားလိုက်ပါတော့ ကျွန်တော့်ဘာသာထပ်ဝယ်သောက်လိုက်မယ်... "
တားများတားလေမလားဟူသည့်အတွေးဖြင့် တမင်ထိုသို့ပြောပြီး အိမ်ထဲမှ ထွက်လာခဲ့တော့သည်။ သို့သော်လည်း သူတို့၏ ရန်ဖြစ်ခြင်းအလုပ်သာ ပြန်လည်စတင်လေသည်။
အဖေနဲ့အမေက ခါးရဲ့မွေးစားမိဘတွေများလားလို့ အကြိမ်ကြိမ်တွေးခဲ့ဖူးသည်။ စီးပွားအရှာကောင်းလို့ ခါး လူဆင်းဆင်းရဲရဲမနေရသော်လည်း စိတ်ကတော့အမြဲဆင်းရဲရသည်။ ခါးသိတတ်စအရွယ်တုန်းကတောင်မှ ခါးအပေါ်မှာ အဖေနဲ့အမေဆက်ဆံတာ ဒီလောက်မဆိုးခဲ့ပေ။ နေ့တိုင်းရန်ဖြစ်ကြတာကလွဲလို့ ခါးကို ဂရုမစိုက်တာကလွဲလို့ ခါးနဲ့မျက်နှာချင်းဆိုင်ချိန်နည်းပါးတာကလွဲလို့ ခါးအပေါ်သိပ်မဆိုးပေ။ ခါး ၁၀တန်းကျပြီးသည့်နောက်မှာတော့ ခါးရဲ့မိဘအရင်းတွေက ခါးရဲ့မွေးစားမိဘတွေများလား ဟုပင်ထင်စေရတော့သည်။ ၁၀တန်းကို ၂နှစ်လောက်ကျပြီးသည့်အချိန်မှာတော့ ခါးကိုကျောင်းထုတ်လိုက်ကြသည်။ ခါးက အိမ်အကူမိန်းကလေးတွေလောက်ပင် မျက်နှာသာပေးမခံရတော့ပေ။ အရင်ကထက်ခါးအပေါ်မှာ စိမ်းကားစွာ ဆက်ဆံကြတာဟာ ခါး စာမကြိုးစားလို့များလားဟု အတွေးဝင်ကာ ခါး စာကိုကြိုးစားခဲ့ပါသော်လည်း ကျောင်းတတ်ခွင့်မပေးသည့်အပြင် စာမေးပွဲဝင်ဖြေခွင့်ပါမပေးကြပေ။ ဒီလိုနဲ့ပဲ ခါးဟာ လမ်းမတွေထက်တွင် ပေတေလေလွင့်နေခဲ့တော့သည်။ ဂရုစိုက်ခံချင်တဲ့ရောဂါက ခါး မွေးကတည်းကပါလာသည်ထင်၏။ ခါးကို အဖေနဲ့အမေပေါင်းပြီး ကင်ပွန်းတပ်ပေးထားခဲ့သည့် နာမည်က...
"မုန်းခါး..."တဲ့လေ။
✴✴✴✴✴✴✴✴✴✴✴✴
"ဟော သမီးလေးတောင်နိုးလာပြီပဲ.. "
မေမေ့ရဲ့ကြည်လင်ချိုမြသည့် အသံလေးကြောင့် ကူး နှုတ်ခမ်းတို့ပြုံးသွားရသည်။
"ဟုတ်...ဒါနဲ့ ဖေဖေကောဟင်..."
မနက်စာဝိုင်းမှာ ဖေဖေ့ကိုမမြင်မိတာကြောင့် အလိုမကျစွာ နှုတ်ခမ်းလေးဆူပြီးမေးလိုက်မိသည်။
"သမီးဖေကြီးလား ဖေကြီးကအလုပ်သွားပြိလေသမီးရဲ့ သမီးလေးက အိပ်ရာထနောက်ကျနေတာကိုး..."
"ဟွန့် မိသားစုထမင်းဝိုင်းပါဆို လူမစုံပဲဘယ်လိုလုပ်စားလို့ကောင်းပါတော့မလဲ တော်ပြီ သမီးမနက်စာ မစားတော့ဘူး..."
"မဟုတ်တာသမီးလေးရယ် သမီးမနက်စာမစားလို့ ဘယ်ဖြစ်မလဲ နောက်ရက်သမီးဖေကြီးကို မေမေသေချာမှာထားလိုက်မယ်နော် ဒီနေ့လေးတော့ လူမစုံလည်းစားလိုက်ပါနော်..."
ချောမော့ပြောဆိုနေသည့် မေမေ့ကြောင့် ကူး မနက်စာစားလိုက်ရသည်။
မိသားစုထမင်းဝိုင်းမှာ လူမစုံတာမျိုး ဘယ်သူကမြင်ချင်မှာလဲ..။
⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜⚜
"ဒေါ်စိုး ထမင်းမစားသေးဘူးလား..."
မီးဖိုချောင်ထဲသို့ဝင်သွားပြီး စားပွဲပေါ်ကဟင်းတွေကို လှန်လှောကြည့်နေသည့် ခါး။
"ဒေါ်စိုးကိုပြောတာလား မမလေး..."
"အွန်းလေ..."
"အခုပဲစားတော့မလို့ မမလေးရဲ့ ဘာလို့လည်းဟင် ခိုင်းစရာရှိလို့လား မမလေး..."
ဒေါ်စိုးက ထိပ်ထိပ်ပြာပြာလေးမေးတော့ ခါးက ခေါင်းခါပြလိုက်သည်။
"ကျွန်တော်မနက်စာ မစားရသေးဘူး..."
မန္တလေးသူဖြစ်တာမို့ ကျွန်တော် ဟု သုံးနှုန်းနေသော်လည်း ခါးက ယောကျာ်းလျာတော့မဟုတ်ပေ။ မိန်းမမဆန်တာတစ်ခုပဲ။
"ဟယ် မမလေး ခုထိမနက်စာမစားရသေးဘူးလား နေ့လည်တောင်ရောက်တော့မယ် ဒေါ်စိုးတို့ကနေ့လည်စာ စားမလို့..."
ဒေါ်စိုးတို့ ဟူသည့်အသုံးအနှုန်းက ဒီအိမ်မှာရှိသည့် အလုပ်သမားသုံးလေးယောက်ကို ပြောတာမှန်း ခါး သိတာမို့မမေးပေ။
ခါးက ကိုယ်တိုင်ထမင်းခူးလိုက်ပြီး
"အနောက်ထဲမှာ စားမှာမလား သွားမယ်လေ..."
အလုပ်သမားတွေအတွက် ထရံကာ အိမ်လေးကို ဆောက်ပေးထားသည်မို့ ထိုအိမ်ကိုရည်ညွှန်းပြောလိုက်ခြင်းဖြစ်သည်။
"အယ်.. မမလေးက ဒေါ်စိုးတို့နဲ့စားမလို့လား.. "
"ဘာလဲ မခေါ်ချင်လို့လား..."
ခါးက မျက်နှာထားတင်းတင်းနှင့်ပြောလိုက်တော့ ဒေါ်စိုး ကြောက်အားလန့်အားဖြင့် ငြင်းလေသည်။
"အဲ့လိုမဟုတ်ပါဘူး မမလေးရယ်..."
"မဟုတ်ရင်လည်းပြီးတာပဲ အဲ့စားပွဲပေါ်ကရှိသမျှဟင်း အကုန်ယူခဲ့..."
"ရှင်..!!!"
ဒေါ်စိုးရဲ့ပြူးပြူးဝိုင်းဝိုင်းမျက်လုံးတွေ ပိုပြူးသွားသည်။
"သူဋ္ဌေးကတော်ကဆူ..ဆူနေပါ့မယ်."
အဖေ့က စိတ်မြန်လက်မြန်ရှိသလို အမေက စိတ်ဆတ်သော်လည်း အမေက မိန်းမပီပီ ပစိပစပ်များတာကြောင့် ဒေါ်စိုး၏ ကြောက်လန့်နေမှုကို ခါး နားလည်သည်။
"ဘာမှမဖြစ်ဘူး ဖြစ်လာရင်လည်း ကျွန်တော်ရှင်းမယ် Ok"
ထိုသို့ပြောပြီးသည်နှင့် အလုပ်သမားအိမ်ရာသို့ ထမင်းပန်းကန်တစ်ချပ်နှင့်ထွက်သွားသည့် ခါး၏ကျောပြင်လေးအား ဒေါ်စိုးတစ်ယောက် သနာဂရုဏာသက်စွာကြည့်နေမိသည်။
"ဪ....အထီးကျန်နေရှာတဲ့ မမလေး..."

"မမကိုချစ်တယ်...."(GL Fic Complete)Where stories live. Discover now