Part9

1.9K 73 0
                                    

"ဟာ အစ်ကိုဝေယံ....မေမေရေ အစ်ကိုဝေယံရောက်နေတယ်...."
အိမ်ထဲကိုလည်း သမင်လည်ပြန်အော်ပြောရင်း ဝေယံ့ဆီမှအထုတ်အပိုးတွေကူသယ်လေသည့် ကူး။
"ငါ့ ညီမလေး မန်းလေးရောက်တုန်း ဘယ်လောက်ကဲနေလဲ ဟင်..."
" ကူးကဖြင့် ဒီမှာလိမ်လိမ်မာမာလေးနေနေတာပါနော်..."
"သားတစ်ယောက်ထဲလား...."
ဝေယံဧည့်ခန်းထဲတွင် ဝင်ထိုင်လိုက်သလို ကူးရော ဒေါ်သီသီချိုပါဝင်ထိုင်လိုက်ကြသည်။
"ဟုတ်တယ် အန်တီချို ခဏအလည်လာတဲ့ သဘောပါ..."
"ရန်ကုန်တစ်မြို့ထဲနေကြတုန်းကတော့ အလည်မလာဘူးနော် မန်းလေးရောက်မှ တကူးတကလာလည်တယ်ဆိုတော့...."
အစ်ကိုဝေယံဘာကြောင့်အလည်လာရသလဲဆိုတာ ကူးသိနေတာကြောင့် စနောက်နေခြင်းဖြစ်သည်။
"သမီးကတော့လေ ကိုယ့်အစ်ကိုအလည်လာတုန်းကို နောက်နေတယ်...."
"ရပါတယ် အန်တီချိုရယ် ဒီအရူးမလေးက ကျွန်တော့်ကို ပေါက်ကရနောက်နေရမှ စားဝင်အိပ်ပျော်တာ...."
"အစ်ကိုဝေယံနော် လူကိုများအရူးမလေးတဲ့..."
ကူးက မျက်စောင်းလေးချီရင်းပြောတော့ ဝေယံက လျှာထုတ်ပြီးပြောင်လေသည်။ တစ်ဦးတည်းသောသားဖြစ်တဲ့ဝေယံနှင့် တစ်ဦးတည်းသောသမီးဖြစ်သည့် ကူးတို့က မောင်နမအရင်းတွေထက်ပင် စနောက်ကျီစယ်ရင်းနှီးကြသည်။ သိပ်မတွေ့ဖြစ်ကြသော်လည်း တွေ့တဲ့အခါတွေမှာ ကူးကို အစ်ကိုဝေယံကစရင်စ မဟုတ်ရင် အစ်ကိုဝေယံမနေတတ်မထိုင်တတ်ဖြစ်အောင် ကူးက စနောက်လေသည်။ အစ်ကိုဝေယံရဲ့လျှို့ဝှက်ချက်ကို ကူးကသိနေလေတော့ ကူးကိုအရင်ကလောက်တော့မစရဲပေ။ တကယ်တမ်းကျ ကူးဘယ်သူနဲ့မှတိုင်မပြောပါ။ သို့သော်လည်း ခိုင်းစရာရှိရင် အစ်ကိုရန်နိုင်နှင့်ကိစ္စကိုပဲ အကြပ်ကိုင်ပြီး ခိုင်းရ ဆိုးရသည်။ ဒါ့ကြောင့်လည်း အစ်ကိုဝေယံက ကူးကို "လူညစ်မလေး.."ဟု မေမေတို့မရှိတဲ့အခါ မေတ္တာပို့လေသည်။
☪☪☪☪☪☪☪☪☪☪☪☪
"ဒါ ငါသိပ်နားမလည်လို့..."
"ဒီဟာလား..."
"အင်း..."
ခါးက ရန်နိုင်တို့အိမ်တွင် စာလာကျတ်ခြင်းဖြစ်သည်။ ရန်နိုင်က ခါးအတွက် Guide လုပ်ပေးသည်။ နှစ်အတန်ကြာဝေးကွဲခဲ့သည့်စာတွေမို့ ခါး အသေအချာဂရုတစိုက် ပြန်ကျတ်မှတ်နေရသည်။ ရန်နိုင်ကလည်း သူငယ်ချင်းကောင်းပီပီ ခါးမရှင်းတာ နားမလည်တာမှန်သမျှ အသေအချာရှင်းပြလေသည်။
"သူငယ်ချင်းနှစ်ယောက် မုန့်လေးစားလိုက်ဦး"
ရန်နိုင်၏ အမေလာချပေးသော လက်ဖက်သုပ်နှင့်အချိုပွဲတွေ အအေးတွေကိုကြည့်ပြီး ခါး အားနာသွားရသည်။
"ရပါတယ်အန်တီရယ် အဲ့လောက်အများကြီးချမပေးပါနဲ့ အားနာစရာ..."
"ဘာမှအားနာမနေနဲ့ ခါး အမေကနင့်ကိုခင်မင်လို့ကျွေးတာ "
"ဟုတ်တယ် သမီးရဲ့ ဘာမှအားနာမနေနဲ့ ပြီးတော့ခုမှသိကြတဲ့သူတွေလည်းမဟုတ်ဘူး အားနာမနေနဲ့ အန်တီက အန်တီကျွေးတာကို စားမှကြိုက်တာ စားကြ အမေအောက်ဆင်းတော့မယ် လွတ်လွတ်လပ်လပ်နေကြနော်..."
"ဟုတ် အမေ..."
"ကျေးဇူးတင်ပါတယ် အန်တီ..."
ရန်နိုင့်အမေက အပြုံးလေးဖြင့်ခေါင်းညိမ့်ပြရင်း အောက်ထပ်သို့ဆင်းသွားသည်။ ခါးကတော့ အားနာရသော်လည်း ခုလိုကြည်ကြည်ဖြူဖြူရှိတဲ့အတွက် ရန်နိုင်တို့တစ်မိသားစုလုံးကို ကျေးဇူးတင်နေမိသည်။
ထိုစဉ် အိမ်ပေါ်သို့တက်လာသော ခြေသံကြောင့် သူတို့လှည့်ကြည့်မိကြသည်။
"ကူး...."
"ဟင်..!အစ်ကို.."
ဝမ်းသာအားရလေသံတွေပြိုင်တူထွက်လာကြသည့် ရန်နိုင်နှင့်ခါး။
ခါးနှင့်ရန်နိုင် စာကျတ်နေကြသည့် စားပွဲဘေးတွင်ထိုင်လိုက်ကြသည်က ကူးနှင့်ဝေယံ။ ခါးကိုမသိသော ဝေယံက ရန်နိုင်နှင့်ခါးကို အကဲခတ်နေလေ၏။ ရန်နိုင်နှင့်နီးကပ်လွန်းနေသည့်ခါးကို ကူးကJဝင်သည့် အကြည့်လေးတွေနှင့်စစ်ခင်းနေသည်။
"အစ်ကိုဘယ်နေ့ကရောက်တာလဲ..."
အကြည့်တွေနှင့်တိုက်စစ်ဆင်နေကြသည့် အခြေအနေမှရှောင်ထွက်ရန် ရန်နိုင်ကစကားစလိုက်သည်။
"မနေ့ကရောက်တာ အစ်ကိုရန်နိုင်ရဲ့ ...."
"အစ်ကို ကျွန်တော့်ကို ဖုန်းတောင်မဆက်ဘူးနော်..."
ရန်နိုင်က မကျေမချမ်းလေသံလေးကို မသိသာအောင်ဖုံးဖိပြောလေသည်။
"သူက..."
အသံတိတ်ပြီးငြိမ်နေသည့်ခါးကို မေးဆတ်ပြလိုက်သည့် ဝေယံကြောင့် ခါးနှင့်သူ့ကိုအထင်လွဲနေပြီဆိုတာ ရန်နိုင်သိလိုက်သည်။ ခါးကို ပြောတာမို့ ခါးလည်းဝေယံ့ကို ပြန်ကြည့်မိသည်။
"သူက မုန်းခါးတဲ့ အစ်ကိုရန်နိုင်ရဲ့ ငယ်သူငယ်ချင်းလေ သူက အစ်ကိုဝေယံတဲ့ ကူးရဲ့အစ်ကိုဝမ်းကွဲ မနေ့ကမှရန်ကုန်ကရောက်တာ..."
မျက်နှာစိမ်းတွေဖြစ်နေသည့် ခါးနှင့်ဝေယံကို ကူးက မိတ်ဆတ်ပေး
လေသည်။ ထိုအခါမှ ဝေယံမျက်နှာလည်းကြည်လင်သွားတော့သည်။ ဘယ်သူ့အမူအရာဟန်ပန်မှ တရေးတယူဂရုစိုက်ပြီး လိုက်ကြည့်မနေတတ်သည့် ခါးကတော့ ဘာမှမသိချေ။ ခါးမျက်လုံးထဲမှာတော့ ဆူပုတ်ပုတ်နတ်မိမယ်လေး စန္ဒကူးသာနေရာယူထားလေသည်။
"ရန်နိုင် နင်သွားစရာရှိရင်သွားလေ ဒီနေ့အတွက်ဒီလောက်ပဲတော်လိုက်တော့မယ် ..."
"ဟာ ရပါတယ် အစ်ကိုတို့နဲ့ကပြီးရင်တွေ့ရတာပဲ ငါတို့စာကျတ်ချိန်မှ မပြည့်သေးတာ..."
ရန်နိုင်နှင့် ကူးရဲ့အစ်ကိုတို့ ဘယ်လိုသိကြတယ်ဆိုတာတော့ ခါး မမေးတော့ပေ။ ဒါပေမယ့် ခါး တစ်ခုခုကိုရိပ်မိသလိုရှိတာကြောင့် သူတို့ကို အနှောင့်အယှက်မပေးလိုပေ။
"ဒီလိုလုပ်လေ ကူး မမနဲ့အဖော်နေခဲ့လိုက်မယ် အစ်ကိုတို့နှစ်ယောက် သွားစရာရှိတာသွားလေ..."
ရန်နိုင် ငြင်းဖို့စိတ်ကူးမိသော်လည်း ချစ်သူမျက်နှာက အတော်လေးညိုနေတာမို့ သူ့ကိုရှင်းပြရတော့မယ်ဆိုတာကို သိလိုက်သည်။ ခါးရဲ့အကြောင်း အစ်ကို့ကိုပြောပြမထားမိတာ သူ့ရဲ့အမှား။
ရန်နိုင်မသွားချင်တာက နဂိုကမှ ခါးကြောင့် ရန်နိုင့်အချိန်တွေကုန်ရတယ်ဆိုပြီး အတွင်တွင် အားနာနေသည့် ခါးကြောင့်ပင်။
"အေးအေးဆေးဆေးသာ သွားပါရန်နိုင်ရာ ကူးလည်းရှိနေတာပဲ..."
"အေးအေး ဒါဆို ငါသွားလိုက်ဦးမယ်နော်..."
ဘာစကားမှမပြောဘဲ ရှေ့ကထထွက်သွားသည့် ဝေယံ့နောက်သို့ ရန်နိုင် ခပ်သုတ်သုတ်လေးလိုက်သွားတော့သည်။ ရန်နိုင်သွားသည်နှင့် စာအုပ်ကိုဖွင့်ကာ စာလုပ်နေသည့်ခါး။ ကူးကိုပင် မော်မကြည့်တာကြောင့် ကူး စိတ်ဆိုးချင်လာရသည်။ တကယ်ဆိုရင် ကူးနဲ့မမက ချစ်သူတွေမဟုတ်လား။ အခုတော့ ပုံမှန်ထက်တောင် အေးစက်နေသည့် မမ။
"မမ..."
"ဟင်..ပြောလေ..."
ကူးရဲ့ ဆောင့်ဆောင့်အောင့်အောင့် အခေါ်ကို ကူးကိုမော့တောင်မကြည့်ဘဲစာလုပ်မပျက် ပြန်ဖြေသည့် မမ။
"မမကလည်း ကူးကိုတောင်မကြည့်ဘူး ကူးနဲ့မမကချစ်သူတွေနော်..."
မိဘအပေါ်မှာရော သူငယ်ချင်းတွေအပေါ်မှာပါ အနိုင်ယူဗိုလ်ကျပြီး ဆိုးခဲ့နွဲ့ခဲ့သည့် ကူးရဲ့ဗီဇလေးပေါ်လာသည်။
ကူးရဲ့စကားကြားတော့ မမ ကူးကိုမော့ကြည့်သည်။
"ဟုတ်သားပဲ"ဟူသော ထောက်ခံသည့် မျက်လုံးတွေနှင့် ခေါင်းတဆတ်ဆတ်ညိမ့်နေသည်က အသည်းယားစရာပင်။
"စာလုပ်နေလို့ပါ နောက်ထပ် မိနစ်၃၀လောက်ဆို ပြီးပြီ ခဏနော်..."
ခွင့်တောင်းတာမဟုတ်ဘဲ ပြောပြသည့်သဘောနှင့် စာပြန်လုပ်နေသည့်မမ။ မမရဲ့ပညာရေးဆိုတာ ကူးနားလည်ပါတယ်။ ဒါပေမယ့် အသစ်စက်စက်ချစ်သူလေးကို နည်းနည်းပါးပါးတော့ အရေးတယူလုပ်သင့်တာမဟုတ်လား။ ခုတော့... ။
ကူး သူမလက်ကနာရီလေးကိုကြည့်ပြီး ဆူပုတ်ပုတ်မျက်နှာထားနှင့် ခါးဘေးမှ ထထွက်သွားရန်ဟန်ပြင်လိုက်သည်။
"ပြန်တော့မလို့လား..."
"အင်း မမ စာကိုသာ အေးဆေးလုပ်ပါ..."
ထိုသို့ပြောပြီး ဘောက်ဆတ်ဆတ်ဆင်းသွားသည့် ကူးကျောပြင်လေးကို ငေးရင်း ခါး ပြုံးမိသည်။ စိတ်ကောက်သွားသည့် ပုံစံလေးက တကယ့်ကို အသည်းယားစရာလေး။ သူမလေး ရောက်လာကတည်းက စာကိုအာရုံစိုက်မရတော့ပေ။ အနှောင့်အယှက်ပေးတယ်လို့ မမြင်မိပါဘဲ သူမအတွက် ခွန်အားတွေဖြစ်စေခဲ့သည်။
ခါး တွက်လက်စပုစ္ဆာကို လက်စသတ်ပြီးသည်နှင့် စာအုပ်တွေသိမ်းဆည်းလိုက်သည်။ ခါးအတွက် လိုအပ်တဲ့စာအုပ်တွေလောက်ပဲ ခါးရဲ့ ကျောပိုအိတ်အသေးစားထဲသို့ ထည့်ပြီး ကျန်တဲ့စာအုပ်တွေကို အစီအရီစားပွဲပေါ်တွင် စနစ်တကျတင်ထားခဲ့သည်။ အောက်ထပ်သို့ဆင်းလာတော့ မီးဖိုချောင်ထဲတွင်အလုပ်များနေသည့် ရန်နိုင့်အမေ။
"အန်တီ ကျွန်တော်ပြန်တော့မယ်..."
"ပြန်တော့မလို့လား သမီး ထမင်းစားသွားအုံးလေ..."
"ရပါတယ် အန်တီ ကျွန်တော်အိမ်ပဲပြန်လိုက်တော့မယ်..."
"အားနာလို့လား အားနာစရာမလိုဘူးနော် သမီး..."
"မဟုတ်ပါဘူး အန်တီ ကျွန်တော်ဗိုက်မဆာသေးလို့ပါ..."
"သားကလည်း သမီးကိုတော့ တစ်ခါတည်းစောင့်မသွားဘူး သူ့သူငယ်ချင်းလည်းလာရော..."
"အာ ရပါတယ်အန်တီ ကိစ္စမရှိပါဘူး ကျွန်တော်ပြန်လိုက်ဦးမယ်နော်အန်တီ..."
ကူး ကိုမမှီမှာစိုးသည်ကြောင့် ခါး အလောတကြီးနှုတ်ဆတ်ပြီး စကားစဖြတ်ခဲ့ရသည်။ ကူးပြန်သွားပြီလား။
သူမပြိုင်ဘီးလေးကိုဒေါက်ဖြုတ်ပြီး ဟိုကြည့်သည်ကြည့်နှင့်ကူးကို ရှာဖွေရင်း ခြံထဲမှ စက်ဘီးတွန်းပြီးထွက်လာခဲ့သည်။ ခြံပြင်ရောက်တော့ ခြံရှေ့က ပန်းရုံခြေကအုတ်ခုံလေးတွင် ထိုင်နေသည့် ကူးကတိုတွေ့တာကြောင့် ခါး အတိုင်းမသိဝမ်းသာသွားသည်။
ကူး အနားသို့ စက်ဘီးလေးတွန်းသွားလိုက်သည်။
"ကူး..."
နာမည်လေးခေါ်လိုက်တော့ မော့ကြည့်လာသည့် မျက်ဝန်းတွေမှာ စိတ်ဆိုးမပြေသေးသည့် အရိပ်အယောင်လေးတွေနှင့်။
"အချိန်မပြည့်သေးဘဲ ဘာလို့ထွက်လာတာလဲ..."
"ထွက်လာရတော့ အဖော်လုပ်ပေးမယ်ဆိုတဲ့လူမှ မရှိတော့တာကို ..."
ကူးကဘာမှပြန်မပြောပေ။
ခါးကစက်ဘီးပေါ်တက်လိုက်ပြီး
"တက်..." ကူးကို စက်ဘီးပေါ်တက်ရန်မေးဆတ်ပြသည်။
"တော်ပြီ ကိုယ့်ဘာသာပြန်မှာ..."
တကယ်တော့ အစ်ကိုဝေယံ့ကားနှင့်ကပ်လိုက်လာသည့်ကူးအတွက်ပြန်စရာမရှိပေ။ သို့သော်လည်း မမကို စိတ်ဆိုးနေသည်ကြောင့် ငြင်းလိုက်သည်။
ခါးက စက်ဘီးကို ဒေါက်ပြန်ထောက်လိုက်ကာ ထိုင်ရာကမထသေးသည့်ကူးရဲ့ရှေ့တွင်ရပ်လိုက်သည်။ ထို့နောက် လက်ဝါးလေးဖြန့်လိုက်ခါ
"လိုက်ရဲ့လား..."
ကူးက မျက်မှောင်ကုပ်လေးဖြင့်မော့ကြည့်တော့ ခါးက မျက်ခုံးပင့်ပြသည်။ ခါးက စိန်ခေါ်သလို့လေးထပ်ကြည့်ကာ...
"အင်း ပေါ့ အရှေ့ကထိုင်စီးရမှာဆိုတော့ ဘယ်လိုက်ရဲမလဲ မလိုက်ရဲရင်လဲ.."
"လိုက်မယ်..."
စိတ်ဆိုးနေတာကို မချော့သည့်အပြင် စိန်လာခေါ်နေတာကြောင့် မခံချင်စိတ်လေးဖြင့် ပြောလိုက်သည့်ကူး။ ခါးကို ဟိုဘက်ကိုလှည့်ပြီးသဘောတကျလေး ပြုံးလိုက်မိသည်။ ဟွန်း အူယားစရာလေး ကူးရယ်။ ကူးရဲ့ စိတ်ဆိုးနေတဲ့ပုံစံလေးက ပိုပြီးအသည်းယားဖို့ကောင်းနေတာကြောင့် ခါး ချော့ဖို့ပင်မေ့ထားလိုက်သည်။ မျက်စောင်းလေးထို့လိုက်တိုင်း ဝိုင်းဝက်ဝက်မျက်လုံးတွေနှင့်မျက်တောင်ကော့ကော့လေတွေ လှုပ်ရှားသွားသည်က ကြည့်မဝသည့် မှော်ဝင်ပန်းချီတစ်ချပ်လို ကဗျာဆန်လှသည်။ စိတ်ဆိုးဆိုးနဲ့ရန်ပြန်တွေ့တဲ့အခါ နီနီထွေးထွေး နှုတ်ခမ်းလေးတစ်စုံက စိတ်ကိုမရိုးမရွဖြစ်စေသည်။ သေချာတာကတော့ ကူးဆိုသည့်ကောင်မလေးက သူမနှလုံးသားကို အပြည့်အဝနေရာယူထားနေပြီဆိုတာပင်။
"နင်းလို့ရပြီ..."
စက်ဘီးရှေ့တန်းလေးမှာထိုင်ပြီးသည့် ကူးရဲ့အသံလေးကြောင့် ခါး လက်ကိုင်ကိုသေချာကိုင်ပြီး စက်ဘီးနင်းလိုက်တော့သည်။ ကူးရဲ့ သေးသေးညှပ်ညှပ်ခန္ဓာကိုယ်လေးက ခါးရင်ခွင်ခြေရင်းမှာ နစ်ဝင်လျှက်။ နွေးထွေးလုံခြုံသွားသလို ခံစားရသည့် မမရဲ့ရင်ခွင်အငွေ့အသက်ကြောင့် ကူးရင်ခုန်နေမိသည်။ မမက ကူးထက် ခေါင်းတစ်လုံးစာလောက်အရပ်ပိုမြင့်သည်မို့ စက်ဘီးနင်းလေးတော့ ကူးရဲ့ဆံနွယ်ပျော့ပျော့လေးတွေပေါ် မထိတထိရောက်လာတတ်သည့် မမရဲ့ဝင်လေထွက်လေ နွေးနွေးလေး။
"မမ ကူးကို တကယ်ချစ်ရဲ့လားဟင်...."
ကူးရဲ့အမေးကြောင့် ခါး ပြုံးလိုက်မိသည်။
"သိလားကူး..."
အရင်းမရှိအဖျားမရှိသည့်အမေး။
"ဘာကိုလဲ..."
ကူးက ပြန်မေးသည်။
"ငါ့အတွက် အပြုံးဆိုတာမရှိခဲ့ဘူး ပျော်ရွှင်းခြင်း၊ကြည်နူးခြင်း ဆိုတာတွေလည်း ငါမခံစားခဲ့ရဖူးဘူး အဲ့ဒါတွေအားလုံး မင်းနဲ့စတွေ့တုန်းကမှ ခံစားဖူးခဲ့တာ အရင်တုန်းက ငါထင်ခဲ့တယ် အချစ်ဆိုတာ ဒီကမ္ဘာလောကကြီးမှာ တကယ်မရှိတဲ့အရာလို့ပေါ့ အဟွန့် ငါ့ကို ငါ့မိဘကတောင်မချစ်ခဲ့တာ ဆိုတော့ မင်းကိုချစ်မိနေပြီဆိုတာကို သိရတဲ့အချိန် ငါအရမ်းတုန်လှုပ်သွားတယ် မင်းငါ့ကိုပြန်မချစ်နိုင်ဘူးထင်လို့လေ....မင်းတို့ အိမ်စပြောင်းလာကတည်းက မင်းကို သတိထားမိခဲ့တာ ပြောရရင်အဲ့ကတည်းက ရင်ခုန်နေခဲ့တာ...မိန်းကလေးချင်းချစ်မိနေတယ်ဆိုတော့ ငါ့ကိုယ်ငါအရမ်းအံသြသွားတာ..."
"••••••••••••••••"
ကူးက ဘာမှမပြောဘဲ ငြိမ်ပြီးနားထောင်နေသည်။ခါးက စကားကို ခဏနားပြီးမှ ပြန်ဆက်သည်။
"မင်းနဲ့ခပ်စိမ်းစိမ်းနေခဲ့ပေမယ့် အမြဲတမ်းမင်းနဲ့နီးချင်နေခဲ့တာ မင်းမသိတဲ့အချိန်တိုင်း မင်းကိုကြည့်ဖြစ်တယ် မင်းကို ဖွင့်ပြောပြီးတဲ့အချိန်ထိ မင်းရဲ့ငြင်းဆန်မှုကို ငါခံနိုင်ရည်မရှိသေးဘူး အဟွန်း...."
ပြောချင်သမျှပြောပြီးမှ မမြင်ရသည့် ကူးမျက်နှာကိုတွေးပြီး ရှက်ရယ်ရယ်လိုက်သည့် ခါး။
ကူးရဲ့နှုတ်ခမ်းတွေကတော့ အတိုင်းအဆမဲ့ပြုံးနေပါပြီ။ အေးဆတ်ဆတ်နေတယ်လို့ ထင်ခဲ့တဲ့ မမဆီက အခုလိုပြောလာလိမ့်မည်လို့ ထင်မထားမိချေ။
"မင်းနဲ့ငါ.."လို့သုံးနှုန်းတတ်တဲ့ မမက ကူးအတွက် ရင်ခုန်စိတ်ဝင်စားစရာအကောင်းဆုံးကဗျာတစ်ပုဒ်ပါ။
"မင်းကရော..."
ကူးရဲ့ နားသို့ခပ်ငုံ့ငုံ့လေးကပ်မေးသည့် မမ။ ကူးရဲ့နှုတ်ခမ်းတွေ ပြုံးနေတာ မမတစ်ယောက်သိပါလေစ။
"ကူး မမကို ချစ်တယ်..."
"ကျေးဇူးပါနော်....."
တစ်ယောက်မျက်နှာတစ်ယောက်မမြင်ရသော်လည်း တစ်ယောက်ရင်ခုန်သံတွေကိုတော့ တစ်ယောက်သိကြသည်။ လေပြေလေးတွေကနွေးနေသလို ရှုပ်ထွေးနေတဲ့လူသွားလမ်းလေးက ကူးတို့အတွက်ကဗျာဆန်နေသည်။
💛💛ချစ်ခွင့်ရှိသမျှ ချစ်နေချင်သည်။💛💛

"မမကိုချစ်တယ်...."(GL Fic Complete)Where stories live. Discover now