Part18

1.7K 70 0
                                    

အခုတော့ ခါးရဲ့ဘဝလေးဟာ အရာရာပြည့်စုံလှပနေတော့သည်။ အဖေနဲ့အမေကိုယ်တိုင်က သူမစာမေးပွဲပြန်ဖြေရေးအတွက် စနစ်တကျစီစဉ်ပေးကြသည်။ ဒေဝါလီခံရခါနီး အဖေ့ကုမ္ပဏီကလည်း ပြန်ထူထောင်လာခဲ့သည်။ ခါးအပေါ်မှာ တကယ့်သားရင်းသမီးရင်းလေးလို တယုတယဆက်ဆံကြသည့် အဖေနှင့်အမေကြောင့် ခါးမှာမနေတတ်မထိုင်တတ်ပင် ဖြစ်နေမိသည်။
"ခါး သမီးကြိုက်မယ်ထင်တာလေးတွေ ရွေးချက်ထားတယ် စားကြည့်ပါဦး..."
လောဘဒေါသတွေ ကင်းစင်နေသည့် ဒေါ်သက်မာမျက်နှာက ကြည်လင်ရွှင်ပျနေသည်။ မနက်၊နေ့လည်၊ည ကိုယ်တိုင်မီးဖိုချောင်ဝင်ပြီး ခါးကြိုက်မယ်ထင်တာလေးတွေ ဂရုတစိုက် ချက်ပြုတ်ကျွေးသည့် ဒေါ်သက်မာသည် ဟိုးအရင်ကနှင့် တခြားစီပင်။
"အများကြီးချက်ထားတာပဲ အမေပင်ပန်းနေတော့မယ်..."
စားပွဲဝိုင်းအပြည့် ဟင်းတွေကိုကြည့်ပြီး ခါး အမေ့ကိုအားနာစွာပြောလေသည်။
"အဟား ဟား သမီးရယ် မင်းအမေကတစ်သက်လုံးထမင်းဟင်း ကိုယ်တိုင်ချက်မစားတော့ဘူးလို့ ကျွေးကြော်ထားတာ အခုလိုချက်ကျွေးတုန်းလေးစားလိုက်..."
ရယ်မောပြုံးရွှင်ကာ ပြောနေသည့် ဦးကျော်အောင်က ဒေါ်သက်မာကိုစနောက်နေမှန်းသိတာမို့ ခါး လိုက်ရယ်မိသည်။
ဒေါ်သက်မာရဲ့ မျက်စောင်းတွေကတော့ ဦးကျော်အောင်စီတွင်ပျံ့ကြဲလျှက်။
ဒါဟာ သူမအမြဲတမ်းတောင့်တလိုချင်ခဲ့သည့် မိသားစုထမင်းဝိုင်းလေးပင်။ ရယ်မောသံတွေလွှမ်းခြုံပြီး အပြုံးတွေဖြင့်ကာရံထားသည့် မိသားစုထမင်းဝိုင်းလေးဟာ ခါးအတွက်တော့ တန်ဖိုးဖြတ်မရသည့် လက်ဆောင်မွန်လေးပင်။
အခုဆို ခါး ရန်နိုင်တို့အိမ်သွားစရာမလိုတော့ပေ။ခါးအတွက် Guideဆရာမကို အဖေကစီစဉ်ပေးထား၍ အိမ်တွင်သာ စာကျတ်ဖြစ်နေသည်။ အိမ်ချင်းနီးနေသော်လာည်း ကူးနှင့်တော့မတွေ့ဖြစ်ချေ။ ဖုန်းခေါ်လို့လည်းမရ။ အရိပ်အယောင်လည်းမတွေ့ရနှင့် ခါးမှာသာ ကူးကိုလွမ်းတဲ့စိတ်နှင့် သူမလေးတို့ခြံကိုလည်ပင်းလေးမျှော်နေမိသည်။ မနက်ဖြန်တော့ ကူးကိုသွားတွေ့ဖို့ဆုံးဖြတ်ချက်ချလိုက်သည်။ သူမလေးကိုတွေ့ရင်လွမ်းတဲ့အကြောင်းတွေ တဝကြီးပြောပစ်မည်။ ဒီနေ့နဲ့ဆို သူမလေးနဲ့မတွေ့ရသည်မှာ တစ်ရက်ခွဲပင်ရှိပြီ။
💫💫💫💫💫💫💫💫💫💫
"ခါးရေ...ခါး..."
အိမ်ရှေ့မှ ရန်နိုင့်အသံကြောင့် ခါးထွက်လာသည်။ နှစ်ယောက်သား ခြံထဲသို့သွားပြီး ဒါန်းပေါ်တွင်ထိုင်လိုက်ကြသည်။
"နင်ငါ့ဆီအလည်မလာတာတောင်ကြာပြီ ဘာအရေးကြီးကိစ္စရှိလို့လည်း..."
"နင့်ကို ပြောပြစရာရှိလို့ နင်မသိသေးဘူးလည်းထင်လို့..."
ရန်နိုင့်စကားကြောင့် ခါးစိတ်ဝင်စားသွားပြီး နားထောင်နေသည်။
"ဘာလဲ..."
"ကူးတို့ ရန်ကုန်ပြန်သွားပြီ...."
"ဘာ...!! ကူးတို့ဆိုတော့ တစ်မိသားစုလုံးပြောင်းသွားတာလား ဘယ်နေ့ကလဲ ကူးလည်းငါ့ကိုဘာမှမပြောဘူး ပြန်လာမှာမလား ခဏသွားတာမလား.... "
ထိတ်ထိတ်ပြာပြာဖြစ်နေသည့် ခါးကိုကြည့်ပြီး အေးအေးဆေးဆေးပြောနေသည့် ရန်နိုင်ပင်ကြောင်သွားသည်။
ရန်နိုင်ကအခုချိန်ထိ ကူးနှင့်ခါးရဲ့အခြေအနေကိုမသိသေး။
"ဖြေးဖြေးမေးပါ ခါးရယ် မနေ့ကမှပြောင်းသွားတာ သူတို့ကအစကတည်းက ဒီကိုသူ့အဖေအလုပ်ကိစ္စကြောင့် ခဏလာနေတာလေ အခုသူ့အဖေရဲ့လုပ်ငန်းကိစ္စတွေပြီးလို့ပြန်သွားတာနေမှာ အိမ်ကသူတို့အပိုင်ဆိုတော့ ဘာပစ္စည်းမှမယူဘဲ လူတွေချည်းပြန်သွားတာ... "
"ငါ့ကိုပြန်မယ့်အကြောင့် နည်းနည်းလေးတောင် ပြောမသွားဘူး..."
ခါးရဲ့မျက်နှာက ပြိုတော့မည့်မိုးလို အုံ့မှိုင်းညိုမဲနေချေပြီ။ ဝမ်းနည်းမှုဒီရေက ခါးရင်နှင့်မဆံ့။ သူနဲ့အဝေးကိုထွက်သွားရမှာတောင် သူ့ကိုအသိမပေးသွားဘူး။ မျက်နှာလေးတောင်မမြင်လိုက်ရဘူးကလေးရယ်။
"နင်ကလည်း အဲ့လောက်ဝမ်းနည်းမနေပါနဲ့ဟာ ဟိုမှာလည်းအရေးကြီးတဲ့ အလုပ်ကိစ္စရှိလို့နေမှာပေါ့ ဒါကြောင့်ငါတို့ကိုမနှုတ်ဆတ်တာနေမှာပါ..."
ရန်နိုင်က ငိုတော့မလိုဖြစ်နေသည့် ခါးမျက်နှာကို နားမလည်သလိုလေးကြည့်ရင်း အားပေးနေမိသည်။
အေးလေ နီးနီးကပ်ကပ်ခင်ခင်မင်မင်နေလာတဲ့သူငယ်ချင်းဆိုတော့ သူလည်းဘယ်စိတ်ကောင်းပါ့မလဲ။ ရန်နိုင်စိတ်ထဲမှာဖြည့်တွေးလိုက်မိသည်နှင့်တစ်ပြိုင်နက် ခါး အိမ်နဲ့ပြဿနာတက်ပြီးထွက်သွားတာကို ပြန်ခေါ်လာသည့်အချိန်အားပြန်သတိရသွားသည်။ ခါးနဲ့ကူးရင်းနှီးတာ သာမန်ရောဟုတ်ရဲ့လား။
ရန်နိုင့်မှာ သံသယမကင်းဖြစ်နေသော်လည်း မပြောရဲချေ။ အခုလိုအချိန်မျိုးသာ သူသွားမေးရင် ငိုမလိုမျက်နှာကြီးနဲ့ ရန်နိုင့်ကိုလက်သီးချိန်နေမှာအသေအချာပင်။
"သူ့ကိုငါဘယ်လိုဆက်သွယ်ရမလဲ..."
ရန်နိုင့်ကိုမေးနေတာမဟုတ်ဘဲ တစ်ယောက်တည်းတွေးဆဆပြောသည့်ခါး။
✴✴✴✴✴✴✴✴
"အင်း ငါစိတ်ချမယ်နော် အေးပါ ကျန်တာလေးတွေမင်းပဲလက်စသတ်လိုက်တော့..."
ပြောပြီးဖုန်းချလိုက်သည့် ဦးခန့်မောင်တစ်ယောက် ဒေါ်သီသီချိုကိုလှည့်ကြည့်သည်။
"ဘာတွေများအရေးကြီးနေလို့ မန္တလေးကနေဇွတ်အတင်းပြန်လာရတာလဲ မိန်းမရာ ငါ့မှာမင့်အလောတကြီးဖြစ်နေလို့သာလိုက်လာရတယ် အလုပ်တွေကပြီးပြတ်သေးတာမဟုတ်ဘူး..."
အပြစ်တင်သလိုပြောနေသည့် ယောကျာ်းဖြစ်သူ၏စကားတွေက ဒေါ်သီသီချို၏နားထဲသို့ဝင်ဟန်မတူ။ ငူငူကြီးထိုင်နေသည့် ဒေါ်သီသီချို။ ဦးခန့်မောင်လည်း သူ့မိန်းမဆီမှစကားပြန်မလာတာကြောင့် ခေါင်းတခါခါဖြင့်သာ နေရာမှထသွားတော့သည်။
ဒေါ်သီသီချို့မျက်လုံးထဲမှာ တစ်ယောက်နှင့်တစ်ယောက်ပွေ့ဖက်နမ်းရှိုက်နေကြသည့် ခါးဆိုသည့်ကောင်မလေးနှင့်သူ့သမီးပုံရိပ်ကိုပဲ မြင်ယောင်နေမိသည်။ မိန်းကလေးသူငယ်ချင်းနှစ်ယောက်ကနမ်းကြသလား။ သာမန်မဟုတ်သည့် ထိုမြင်ကွင်း ထိုအခြေအနေက ဒေါ်သီသီချို့ကို ထိတ်လန့်စေသည်။ ခေတ်လူကြီးပီသသည့် ဒေါ်သီသီချိုက LGBTအသိုင်းအဝိုင်းအကြောင်းကိုလည်း အနည်းငယ်သိထားသူပင်။ သို့သော်လည်းထောက်ခံသူမဟုတ်။ လိင်တူချစ်သူဆိုတာမျိုးတွေကိုကြားဖူးသည်။ သူနေခဲ့သည့်ရပ်ဝန်းမှာလည်း အများအပြားရှိပြီးကြားဖူးသည်။
ဟိုးတစ်လောက မိတ်ဆွေအသိတစ်ယောက်၏သားလေး ယောကျာ်းနောက်လိုက်သွားတယ် ဆိုတဲ့သတင်းကိုကြားသည်။ သူမမိတ်ဆွေမှာ ထိုသားလေးတစ်ယောက်သာရှိပြီး ပိုးလိုဥထားသည့်သားလေးပင်။ ဒါကိုလိင်တူချင်းချစ်ကြိုက်ပြီး ခိုးရာလိုက်သည်အထိဖြစ်သွားတော့ သူ့မိတ်ဆွေခမျာအတော်လေး ရှော့ခ်ရသွားသည်။ ထိုသတင်းကြားသည့်သူမတောင် ရွံ့ရှာစိတ်ဖြင့်အံသြနေမိတာအမှန်။ သူတို့ဘယ်လိုသားသမီးယူကြမလဲ။ ဒါဟာမဖြစ်သင့်တဲ့ကိစ္စလို့ ဒေါ်သီသီချိုမှတ်ယူထားသည်။ တစ်ဖက်ကောင်လေးဟာ စည်းစိမ်မက်တဲ့ပိုင်းလုံးမို့သာ လိင်တူဖြစ်သည့် သူမမိတ်ဆွေသားကို အပိုင်ချိုင်တာဟု မြင်သည်။ ယောကျာ်းလေးချင်းတွဲတာတို့ကိုသာ ကြားဖူးမြင်ဖူးပေမယ့် မိန်းကလေးချင်းယူကြတာကိုတော့ သိပ်မမြင်ဖူးပေ။ မိန်းကလေးချင်းဆိုတော့ အတွဲဆိုတာထက် သူငယ်ချင်းလို့သာ အများစုကထင်ကြသည်။ သူမ မသတီသည့်ထိုအချင်းအရာကြီးက အခု သူမရဲ့တစ်ဦးလေးသမီးဆီမှာဖြစ်နေပြီလား။
အတွေးနှင့်ပင် ဒေါ်သီသီချိုတစ်ယောက်ခေါင်းတွေကိုက်နေသည်။
ဒါကြောင့်လဲ မန္တလေးမှအမြန်ပြန်လာခဲ့ခြင်းဖြစ်သည်။ ဟိုကောင်မလေးနှင့်သမီးကိုလည်း နှုတ်ဆတ်ခွင့်ပင်မပေး။ ဒါကိုပဲ သမီးဖြစ်သူကစိတ်ကောက်နေကာ ရောက်ကတည်းက အခန်းအောင်းနေတော့သည်။ ဒါအနေနီးလို့ တလွဲအတွေးဝင်တာပဲဖြစ်မယ်လို့ ဒေါ်သီသီချိုဖြည့်တွေးလိုက်သည်။ အခုလို အနဝေးအောင်ခွဲထုတ်လိုက်တော့ ကြာရင် ဟိုကောင်မလေးကိုသမီးမေ့သွားမှာပဲ။
ဒေါ်သီသီချိုတစ်ယောက် မိမိအတွက်စိတ်သက်သာရာကို ဖြည့်တွေးရင်း ဘုရားတနေမိတော့သည်။
"ဘုရားတရားမလို့ သမီးလေးက လိင်တူချစ်နေတဲ့သူမဟုတ်ပါစေနဲ့..."
ဆုတောင်းတိုင်းသာပြည့်ခဲ့လျှင်........။
✳✳✳✳✳✳✳✳✳✳
ကူးရဲ့ အခန်းလေးထဲမှာတော့ ကူးတစ်ယောက်ငိုနေလေသည်။
မေမေဘာလို့ အလောတကြီးပြန်လာမှန်းမသိ။ မမနဲ့လည်းမတွေ့လိုက်ရ။ အကြောင်းအရင်းမရှိပဲ ဖုန်းခဏငှါးဦးဆိုပြီး ပြန်မပေးဘဲသိမ်းထားသည့် မေမေ့ဆီက ကူးရဲ့ဖုန်းလေးကို ကူးဘယ်လိုယူရမည်မသိ။ အခုချိန်ဆို ကူး ရန်ကုန်ပြန်သွားတာကို မမသိလောက်ပြီလား။ ကူးကို သစ်စိမ်းချိုးချိုးသွားတယ်ဆိုပြီး မမတစ်ယောက်စိတ်ဆိုးနေလေမလား။ မမကိုလွမ်းတဲ့စိတ်ကြောင့် အိပ်ယာထဲတွင် လူးလှိမ့်နေမိသည်။ ဘာလို့တစ်သက်လုံးကြီးဝေးရသလိုခံစားနေရမှန်းမသိ။ ရင်ထဲမှာစူးအောင့်နေသည်။ အခုဆို မမနဲ့ကူးက တွေ့ချင်ရင်တောင်ပြေးထွက်လာလို့ရတဲ့ အခြေအနေမဟုတ်တော့ပေ။ တွေးလေ ဝမ်းနည်းစိတ်ကဝင်လာလေမို့ ကူးရဲ့မျက်ရည်တွေဟာ ခေါင်းအုံးလေးပေါ်သို့ လွှင့်စင်ဖိတ်ကျလျှက်ရှိသည်။ မျက်ရည်တွေကိုတယုတယသုတ်ပေးတတ်သည့် မမလက်သွယ်သွယ်လေးတွေ အသံရှရှလေးတွေကို လွမ်းဆွတ်နေမိသည်။
"ဒီအခြေအနေကြီးကိုမုန်းလိုက်တာ မမရယ်..အင့် ဟင့်.."
အခန်းငယ်လေးထဲ အငိုမင်းသမီးလေး စန္ဒကူးကို ဘယ်သူသနားလေမလဲ...။

^^^^^^^^^^*********^^^^^^^^^^^

Part(19)
Continue ➡➡➡
စာဖတ်သူတွေရော ရှိကြသေးရဲ့လားမသိ👀🥺

"မမကိုချစ်တယ်...."(GL Fic Complete)Where stories live. Discover now