နောက်ဆုံးတော့ နှစ်ယောက်စလုံးပြန်ရမည့်နေ့ကိုရောက်လာပြီဖြစ်၏။ချန်ဒလာကနှုတ်မဆက်ပေမယ့်သူကတော့ဒီအိမ်တော်ကြီးထဲကအဘစံကော၊မိပုကောကိုသံယောဇဉ်တော့ဖြစ်မိ၏။ချန်ဒလာကလူမှုရေးကိုတကယ်နားမလည်တဲ့လူ။မိပုကိုမနှုတ်ဆက်ချင်ရင်တောင်အဘစံကိုနှုတ်ဆတ်ဖို့တော့ကောင်းသည်လေ။သူပြောလို့နှုတ်ဆက်တာထက်ကိုယ့်အသိစိတ်နှင့်လာပြောနှုတ်ဆက်မှကောင်းပေလိမ့်မည်။သူများကိုသာပြောနေတာသူကဖြင့်အဘစံကိုနှုတ်မဆက်ရဲသေး။မိပုကအမြဲသွက်သွက်လက်လက်နှင့်မို့စကားတွေအပြန်အလှန်ပြောနေပေမယ့် အဘစံကတော့တုပ်တုပ်တောင်မလှုပ်။
" အစ်ကိုလေး မိပုကိုမမေ့ရဘူးနော် "
" အင်းပါ "
" ဒီကိုပြန်လာရင် မိပုဖို့အဝတ်အစားသစ်လေးတွေဝယ်ခဲ့ပေးပါအုန်း "
" အင်းပါ ဟုတ်ပါပြီ "
"မိပုကို... "
" မိပုကိုကျွန်တော်လွမ်းနေမှာပါ။ "
အဟင့်' အခုမှမိပုကယိမ်းယိုင်ရဲ့လက်ကိုကိုင်ကာငိုချမိတော့၏။တိရိစ္ဆာန်တွေတောင်အနေကြာလာရင်သံယောဇဉ်တွယ်တတ်သေးတာပဲ လူတွေရဲ့သံယောဇဉ်ကပိုလို့တောင်တွယ်တတ်သေး၏။မောင်နှစ်မသံယောဇဉ်၊အချစ်သံယောဇဉ်၊မိဘသံယောဇဉ်၊ဆရာသမားသံယောဇဉ်ထိုအရာတွေဟာပါးစပ်ဖျားကတော့အပြောလွယ်ပေမယ့်တကယ့်လက်တွေ့မှာတော့ ဖြတ်ရခတ်တဲ့ကြိုးတစ်စလို။
" အဘစံ "
ငိုနေတဲ့မိပုနားကခွါကာ အဘစံကိုခေါ်လိုက်မိ၏။သူ့ကိုတကယ်ကြီးအရင်နေ့ကဟာအတွက်မကျေနပ်သေးဘူးလား။
" အစ်ကိုလေးတို့ လမ်းခရီးဖြောင့်ဖြူးပါစေ။ "
" အဘစံ ကျွန်တော့်ကိုအမြင်မကြည်ဖြစ်နေသေးတာလား။အဲကိစ္စကြောင့်ဆို ကျွန်တော့်ကိုတစ်ခုခုလုပ်လိုက်တာဖြင့် "
အဘစံလေးကန်ကန်သက်ပြင်းတစ်ချက်ချလိုက်၏။ထို့နောက်
" သခင်လေးတောင်မထိရက်နိုင်တဲ့လူကို ကျွန်တော်တို့ကကိုယ့်အသက်ကို လောင်းကြေးထပ်ပြီးထိနိုင်ပါ့မလား။ဒီကိစ္စကလည်းအစ်ကိုလေးကိုတစ်ခုခုလုပ်ရအောင်ထိအရေးမကြီးပါဘူး။ခုချိန်မှာအစ်ကိုလေးတို့လမ်းခရီးဖောင့်ဖြူးစေဖို့သာဟော့ဒီက အဘစံကဆန္ဒရှိပါတယ် "