Part 5

13K 1.5K 66
                                    


လွမ်းတယ်.....
လွမ်းလွန်းလို့ ပြေးတွေ့ချင်ပေမယ့်
အရင်လို မဟုတ်ပဲ အချစ်လျော့သွားတဲ့သူက
သူ့နှလုံးသားထဲက နေရာတစ်ခုလုံးကို ကိုယ့်အတွက် ပေးနိုင်မှာ မဟုတ်တော့ချေ။
ကိုယ်ဆိုသည်ကလည်း ကိုယ့်အတွက်နေရာအပြည့်မရှိလျှင် လှည့်မကြည့်တတ်သူမို့ မာနကတင်းခံကာ ဝေစားမျှစားတော့ မလုပ်တတ်။

ကိုယ်ကလည်း သူ့အပေါ် တစ်ဘဝလုံးစာချစ်သလို
သူကလည်း ကိုယ့်အပေါ် သူ့နှလုံးသားတစ်ခုလုံးမှာ ကိုယ်ပဲရှိစေချင်သည်။

သို့ပေမယ့် လုပ်ယူတိုင်း မဖြစ်တဲ့အထဲမှာ အချစ်ရေးကလည်း ထိပ်ဆုံးကပင်ဖြစ်သည်။

လွမ်းလာရင် အနာနဲ့ဖြေတဲ့.....
ကြားဖူးနားဝရှိတဲ့ စကားတစ်ခွန်းက ကိုယ့်အတွက်တော့ ဖြေမရခဲ့။
လွမ်းလာလို့ နာစရာနဲ့တွေးပီး မေ့ပစ်ဖို့လုပ်ပေမယ့် ကိုယ့်အပေါ် ယုယကြင်နာမှုတွေသာ မြင်ယောင်လာပီး ပိုလို့သာ အလွမ်းသင့်ခဲ့သည်။

မနက်စောစော သူ့အတွက် မနက်စာပြင်ပေးလျှင် ''အိပ်ရေးပျက်ပါတယ်ကွာ ပင်ပန်းတာတွေ မလုပ်ပါနဲ့''စသည်ဖြင့် တစ်တွတ်တွတ်ရွတ်ကာ လက်ကလေးတွေ ခြေထောက်လေးတွေကို တယုတယနှိပ်ပေးတတ်သည်။

အလုပ်ဆင်းချိန်တွင်သာ နှစ်ယောက်အတူဆုံကာ ညစာစားရသည်။ ကိုယ်ပင်ပန်းမှာစိုးလို့ ညစာမချက်ခိုင်းကာ သူကပဲ ကိုယ်ကြိုက်တတ်သည်များကို ဝယ်လာသည်။

ရေချိုးခေါင်းလျှော်လျှင် ခေါင်းသုတ်ရမှာပျင်းတဲ့ ကိုယ့်အတွက် တဘတ်တစ်ထည်ကိုင်ကာ ခေါင်းသုတ်ပေးဖို့ သူကအမြဲစောင့်ပေးနေတတ်သည်။

ကွန်ပြူတာရှေ့တွင် အထိုင်များသည်မို့ ညောင်းလိုက်တာ ညည်းရင်း လက်ဆစ်ချိုးဖို့ပြင်တိုင်း သူ့ဆီကအငေါက်ခံရတတ်သည်။ ညောင်းရင်ပြော သူနှိပ်ပေးမည် လက်ဆစ်ချိုးတာတော့ အပြင်းအထန်ကန့်ကွက်သည်။

သူမြတ်နိုးလွန်းသည့် လက်သွယ်သွယ်လေးတွေ အလှပျက်သွားမှာ စိုးရိမ်သည်တဲ့။ ညနက်တဲ့ထိ အလုပ်လုပ်ဖြစ်တဲ့နေ့တွေမှာ သူကအိပ်ငိုက်နေသည့်တိုင် ကိုယ့်ကို ဇက်ကျောနှိပ်ပေးလိုက် လက်ဆစ်လေးတွေကို ဖွဖွလေးနှိပ်ပေးလိုက်နဲ့ အလုပ်ရှုပ်နေတတ်သည်။

EX (Zawgyi+ Unicode)Where stories live. Discover now