Chapter 3

2.6K 443 42
                                    

Unicode*

သာယာငြိမ့်ညောင်းသော ခေါင်းလောင်းသံ
ချိုချိုသည် ကြားရသူအဖို့ စိတ်ကိုကြည်လင်စေကာ နားဝင်ပီယံရှိလှ သည်။
ဘုန်းတော်ကြီး၏ ရွတ်ဆိုသော ဓမ္မတေးသံသည်
ဧည့်ပရိသတ် အပေါင်းတို့ကို ရွှင်ပြ စေ၏။
ခရေးရွာ ရှိ စကော့သွေးတစ်စက်မျှ ရောနှောခြင်းမရှိသည့် သူငယ်၏ နှစ်ခြင်းမဂင်္လာပြု
ပွဲသည် ဤသို့နှယ် ငြိမ်းချမ်းစွာ စတင်လေသည်။

ဦးရေပြားပင်ဖောက်ထွင်းမြင်ရမတတ်
ဆံနွယ်ပါးတို့ကို ရိတ်သိမ်းထား၍
ကြေးမုံပမာ ပြောင်လက်နေသည့် ဦးခေါင်းငယ်ကို ဂျော်ဂျီ ကညင်သာစွာ ထိန်းပေးထား၏။
ဖြူဖွေးစွတ်နေသည့် ဝတ်ရုံအရှည်ကို ခမ်းနားစွာ
ဝတ်ဆင်ထားသည့် ခပ်ဖိုင့်ဖိုင့်ဘုန်းတော်ကြီး ၏
လက်ဖဝါးထဲတွင် ညိုကျင့်ကျင့်ရွှေအိုရောင်အနားကွပ်ထားသည့် ရေစင်ကရားသည်
တင့်တယ်စွာ တည်ရှိနေ၏။

“အဖဘုရားသခင် ဤကလေးငယ်အား
အမှောင်ခွင်း၍ အလင်းပြကာ စောင့်ရှောက်ပေးတော်မူလှည့်ပါ ”

အသံနေအသံထား ပြီးပြည့်စုံစွာဖြင့် သမ္မာကျမ်းစာအချို့ကို ရွတ်ဆိုပြီးသည့်နောက်
ရေစင်တော်မြတ် အချို့သည်သူငယ်၏ ပါးလျသောငယ်ထိပ်ဦးရေပြားထက်သို့ငြိမ့်ညောင်းစွာ
ကျဆင်း၏။
အေးစိမ့်စိမ့် ရေ၏ အစွမ်းသတ္တိကြောင့်
မှေးစက်နေသော ကလေးငယ်၏ မျက်နှာသည်
တစ်ချက်တွန့်သွားသည်။
ရေစင်ကရား နှုတ်ခမ်းဝ ရှိ ရေများအလုံးစုံ
ကျဆင်းလေပြီး မှ ကလေးငယ်၏ ဦးခွံထက်
ပိုးသားနုနု ပဝါဖြင့် အသာအယာ သုတ်ပေးစေ၏။

“အဖဘုရားသခင် ၏ သားတော် ဂျက်စတင်
သက်တော်ရာကျော်ရှည်စေသော် အာမင် ”

အမည်နာမအသစ်ကို ပညတ်တော်မှုပြီးနောက်
ဂျော် ဂျီ သည် ကလေးငယ်ကို ပွေ့ကာ  စင်မြင့်ထက်မှဆင်းသက်လာ၏။
ဘုန်းတော်ကြီး ကား ဓမ္မမိန့်ခွန်းအချို့ကို မိန့်ဆိုပြီးနောက် နှစ်ခြင်းမဂင်္လာပွဲသို့ တက်ရောက်ချီးမြှင့်ကြသည့် ဧည့်ပရိတ်သတ်အပေါင်းတို့က
ဓမ္မတေးကို ညီညာဖျဖျ ရွတ်ဆိုကြလေသည်။

ဂျော်ဂျီ၏ ရင်ခွင်အတွင်း မှေးစက်၍ စက်တော်ခေါ်နေသည့် ခေါင်းပြောင်လေးကို
ညင်သာစွာ ခေါ်ယူ၍ ရင်ခွင်ပြောင်းလိုက်စေ၏။
ညိုဖျော့ဖျော့ကော်ဖီမခါးတခါးကို ပေါင်မုန့်ကြမ်းတစ်ချို့ နှင့် သုံးဆောင်နေသော
ဧည့်ပရိတ်သတ်တစ်ချို့ရှိရာ သို့ ဝန်ပိုလေးကိုချီလျက် ပြုံးပြရင်း နှုတ်ဆက်ဖြစ်၏။

LOVE IS YOUR NAMEWhere stories live. Discover now