Chapter 15

1.9K 342 28
                                    

Unicode *

ရွှေဝါရောင်နေအလင်းရောင်ခြည်ခပ်စူးစူး
အောက်တွင် မြက်ခင်းစိမ်းတို့သည်
ကတ္တီပါစိမ်းနှယ် တောက်ပလွန်းနေသည်။
ခရေးရွာ၏ ရေအိုင်ငယ်က ပန်းရိုင်းငယ်တို့
ခြံရံလျက်ကုန်းမြင့် အလယ်တွင် တင့်တယ်စွာနှင့်
စံမြန်းနေ၏။
အသုံးမပြုတာကြာပြီဖြစ်သောထိုရေအိုင်ငယ်အနားသို့ ရေငှက်များပင် အနားမသီဝံ့ကြ။
ခရေးရွာ၏ အစောင့်အရှောက်နတ်ဘုရား
စိုးစံရာဟူသည့် ဂုဏ်ပုဒ်၏ ကျော်ဇောမှုကြောင့်
တစ်နှစ်တစ်ခါ ပူဇော်ပွဲလုပ်ကြသည်မှအပ
မည်သူမျှ သွားရောက်မလည်ပတ်ကြပေ။

တိတ်ဆိတ်နေသောဝန်းကျင်သည် သာယာလှပခြင်းနှင့် ငြိမ်းချမ်းခြင်း အမှတ်အသားကိုဖော်ဆောင်သည်။
အသိစိတ်၏ တစ်နေရာမှ လှုံ့ဆော်မှုကြောင့်
ဤအခြင်းအရာသည် မြောက်များလှစွာသော
ဦးနှောက်ဆဲလ်များ၏ မှတ်ဉာဏ်တစ်ခုအားပုံဖော်သော အိပ်မက်ဖြစ်ကြောင်း သတိထားမိ၏။
သို့သော် ဤအိပ်မက်ငယ်မှ မနိုးထချင်သေး။

“ဂျီဂျီ ”

မပီကလာပီကလာ အသံသေးသေး၏ ခေါ်သံကြောင့် နောက်သို့မလှည့်ကြည့်မီ ပြုံးဖြစ်၏။
အတွယ်အတာငယ်မပါလျှင် ဤနေရာသည်
မည်ကဲ့သို့မျှ ပြီးပြည့်စုံနိုင်ဖွယ်မရှိ။

“ကူး ”

အသံကား မိမိ၏ နှုတ်မှထွက်လာသည်မဟုတ်။
အသုံးမပြု၍ လာရောက်ပစ်ထားသော
လှေအိုပေါ်မှ အဖြူရောင်ပုံရိပ်ငယ်က
ပန်းပင်များကို လှေငယ်အတွင်းနေရာချရင်း
အတွယ်အတာငယ်အားတုံ့ပြန်၏။

တဖြည်းဖြည်းလှည့်ကြည့်လာသောပုံရိပ်ငယ်သည် လွန်ခဲ့သော နှစ်များစွာက မိမိ၏ကိုယ်ပွား
(ဝါ) ငယ်ရွယ်မှုပုံရိပ်ဖြစ်သည်။
ဤအိပ်မက်တွင် မိမိသည် ပွဲကြည့်ပရိသတ်
တစ်ဦးသာဖြစ်၍ လှေငယ်အနား သို့ သွားရပ်ကာနေလိုက်၏။

“ဂျီဂျီ  ကူး ကိုမစ္စစ်ခရောင်လီတို့ မိန်းမကြီးတွေအုပ်စုက မိဘမရှိ မျိုးရိုးမသိတဲ့ကလေးသနားလိုက်တာလို့ အမြဲပြောနေကြတာဘာလို့လဲဟင် ”

တောရိုင်းပန်းငယ်၏အရိုးကိုလေထဲသို့ဝှေ့ရင်း
ကစားမပြတ်စွာနှင့်ပင် အတွယ်အတာငယ်က
ဖြူစင်လွန်းစွာပင်မေး၏။
မျက်နှာတစ်ချက်ပျက်သွားသော အဖြူရောင်ပုံရိပ်ငယ်သည် သက်ပြင်းချရှာသည်။

LOVE IS YOUR NAMEWhere stories live. Discover now