Part-8

11.2K 922 34
                                    

ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-8

Zawgyi

"ရှင် ဒါလဲ တော်သွားပြန်ပြီ၊ သတင်းရတာမြန်လှချည်လား၊ ဘာဖြစ်လို့ ဖုန်းဆက်ရတာလဲ၊ ရင်မဆိုင်ရဲလို့လား"

"သိပ်ရဲတာပေါ့ ယွီလင်း၊ အခု မင်းခြံရှေ့မှာ ကိုယ်ရောက်နေပြီ၊ ထွက်ခဲ့ပေးပါ"

ဟင်ခနဲတော့ ဖြစ်သွားမိသည်။ ပြတင်းပေါက်နား ကပျာကယာသွားပြီး ခန်းစီးစလေးကို တိမ်းဖယ်ကြည့်လိုက်မိလျှင် ခြံရှေ့တည့်တည့်မှာ ဦးတိုက်ရပ်ထားသည့် သူ့ကားကိုမြင်လိုက်ရ၏။

"ဝင်ခဲ့ပါလား ဝမ်ရီပေါ်ရဲ့၊ ရှင် ဝင်ထွက်ဖူးတဲ့ခြံပဲဟာ သတ္တိမရှိဘူးလား"

"ခနဲ့တာတွေ၊ ရွဲ့တာတွေ လုပ်မနေပါနဲ့ယွီလင်း၊ မင်းနားထောင်ရဲရင် ဆင်းခဲ့ပါ၊ မင်းမားရဲ့စကားတစ်ခွန်းကြောင့် ကိုယ် ရှေ့မတိုးဘဲနေတာ"

ထိုစကားကြားမှ တွေးလိုက်မိသည်။ မား ခုနကပဲထွက်သွားတာပါ။ သူနဲ့ခြံဝမှာဆုံပြီး တစ်ခုခုပြောသွားတာဖြစ်မည်။ သူက ပြောရဲသည်ဆိုတော့ နားထောင်ဖို့ သူမ အသင့်ရှိရဲ့လား။ မသေချာသော်လည်း ယွီလင်း သူ့ကို စိတ်နာနာနှင့် ခြံပြင်ရောက်လာခဲ့သည်။

အနက်ရောင်ဆွယ်တာလက်ရှည်ကို လည်ပင်းအနားတွေထောင်၍ ဝတ်ထားကာ ဘောင်းဘီရှည်အနက်၊ မျက်မှန်အနက်နှင့် ဖြူသောအသားက ထင်းနေသည်။ နှုတ်ခမ်းသားတွေက ရဲနေသော်လည်း ခါတိုင်းလိုတော့ မဟုတ်ဘဲ သွေ့ခြောက်နေသလိုရှိ၏။

ထိုယောကျာ်းသည် မြင်သူငေး၍ မှိုင်ကျန်ခဲ့လောက်အောင် ချောသည်။ ချောသလောက် ရှုပ်ထွေးနိုင်လွန်းတာက နှမြောဖွယ်ပင်။ ယွီလင်းသည် သူမ စွဲလမ်းနှစ်သက်မိခဲ့သော မျက်နှာကို နှာကျင် နှမြောသော မျက်ဝန်းတို့ဖြင့် စိုက်ကြည့်မိသည်။ ပြီးတော့ ဆွေးဆွေးမြေ့မြေ့ မဲ့၏။

"ကျောင်းမှာ နေ့တိုင်း သွားချောင်းနေရပြီး မတွေ့တော့မှ သဘောပေါက်သွားတာလား"

"ဘာချောင်းတာလဲ၊ ဝါသနာမပါဘူး"

သူက ယွီလင်းရှေ့ကို နီးနီးလေးအထိလာသည်။ ကားဘောနက်မှာ မှီ၍ လက်ပိုက်၏။ စကားကိုလည်း မဆက်၊ ယွီလင်းကိုလည်း မကြည့်ဘဲ နှုတ်ခမ်းမဖွင့်ဘဲ ပီကေကို ဖိဝါး၍ တိုက်ကြီးဆီသို့ လှမ်းကြည့်၏။

ရှင်သန်ရာ မျှော်လင့်ရင်ခွင်ဆီ[Completed]Where stories live. Discover now