ရှင်သန်ရာမျှော်လင့်ရင်ခွင်ဆီ Ep-9
Zawgyi
"Hello...ဘယ်သူ"
"ကိုကို"
"ဟင်...ကို..."
"မခေါ်နဲ့၊ မင်း ကိုယ့်ကို ဘာမှမပြောနဲ့၊ ကိုယ်ပြောတာကို နားထောင်၊ နားထောင်ပြီးတဲ့စကားကို အသက်နဲ့လဲ ကာကွယ်"
ရှောင်ကျန့် မျက်လုံးလေးပြူးလျက် မျက်ဝန်းတို့သည် ယွီလင်းဆီ မရောက်ပေမယ့် မလုံမလဲဝေ့ကြည့်နေတာကို သိသည်။
ဝမ် ဘာတွေပြောနေသလဲ။ ရင်ထဲမှာ နာသည်။ မုန်း၏။ သို့သော် ရှောင်ကျန့်ကို ဘာမှ ပြန်မေးမရခဲ့ပေ။
"သူ...ဘာတွေ ပြောနေမှန်းမသိဘူး"
ဟု မရေမရာပြန်ဖြေတော့ ဒေါသကို ဘယ်လိုမှ ထိန်းမရနိုင်၊ အိမ်မှာသာဆို သင်း နာပြီ။ ထိုနေ့ နေ့လည်မှာ ဖုန်းထပ်ရောက်လာတော့.....
"ယွီလင်း မင်း ခဏထွက်ခဲ့ပါ၊ မင်းကို ပြောသွားချင်လို့"
"ဟင်..."
ဖုန်းကိုင်လိုက်သည်နှင့် ယွီလင်း နားထောင်ပြီး ကြောင်တောင်တောင်ဖြစ်သွားသည်။
"ရှင် လာပြန်ပြီလား၊ ရှင်တော်တော်လူပါးဝနေပါလား ဟင်၊ ဒီနားမှာ ရှောင်ကျန့်ကို ရဖို့ လှည့်ပတ်ပြီး မြေခွေးချောင်းချောင်းနေတာလား"
"လူလို ရပ်နေတာပါ၊ အဲဒီလို မင်းစော်ကားမှာကိုသိလို့ ခိုးကြောင်ခိုးဝှက် ခေါ်ထုတ်မသွားဘဲ နေတာ၊ ရတယ်၊ မင်း ဆင်းမလာချင်ရင် လှမ်းကြည့်လိုက်လေ၊ ကျန့်ကျန့်က ကိုယ့်ဘေးမှာ"
"ဘာ!..."
ယွီလင်း ဝုန်းခနဲ ထရပ်လိုက်မိသည်။ အပေါ်ထပ်ဧည့်ခန်းကနေ တောက်လျှောက်ပြေးဆင်းခဲ့မိ၏။ အောက်ထပ်ဧည့်ခန်းက ခေါင်းရင်းဘက်မှာ ကပ်ထားတာမို့ ခြံရှေ့တည့်တည့်ကို မမြင်ရပါ။
ထို့ကြောင့် တံခါးဝမှ ခြံထဲသို့ ရောက်လာသည်။ ဝမ်က ဖုန်းကိုင်လျက် ပြုံးနေသည်။ ပီကေဝါးရင်း ပြုံးနေခြင်းက မဲ့ရွဲ့လှောင်ပြောင်နေသလိုပင်။ သူ ကျောကပ်ရပ်နေသော တံခါးအတွင်းမှာ ရှောင်ကျန့်က ထိုင်နေပြီ။