Cast-မိုးဦးငယ်, ခန့်တည်ကြည်။
"သားငယ်! မပြီးသေးဘူးလား နောက်ကျနေမယ်နော်"
အောက်ထပ်က တီတီမေ့ အော်သံကြောင့် မိုးငယ် နှာခေါင်းတစ်ချက်ရှုံ့မိသည်။
Daddyဆိုတဲ့ သူကို သွားကြိုဖို့အရေး မနေ့ကတည်းက ဆော်သြနေတာ မပြီးနိုင်။
အိမ်က ဘွားဘွားကော ဘိုးဘိုးကော၊ ထမင်းဟင်းချက်သည့် ဒေါ်ကြီးအေး ပင် မနေရ၊ ကိုခန့် ဆိုသောနာမည်ကို ပါးစပ်ဖျားကမချ ပြာယာခတ်နေကြတာ။
တီတီမေကတော့ အဆိုးဆုံးပင် ကိုယ်တိုင် မီးဖိုချောင်ဝင်နေတာက သက်သေ။
လူမှန်းသိတက်စကတည်းက Daddyဆိုသော သူကို ဓာတ်ပုံတွေဖြင့်သာ ရင်းနှီးခဲ့ရသည်။
သူ့ကို မွေးစားခဲ့သည်ကို သိပေမယ့် ဘာ့ကြောင့် ထားသွားသလဲ မသိ။
ဖုန်းခေါ်တိုင်း သြရှရှအသံအနေအထားမှာ ဟုတ်ကဲ့ ဖြင့်သာအချိန်ကုန်ခဲ့သည်။
ကျောင်းသွားတတ်သည်ဟု သိထားသော်လည်း ဟိုမှာ အလုပ်ပါ ဝင်နေတာကြောင့် အိမ်ကို ပြန်မလာတာ သူ ရှစ်နှစ်သားလောက်ကတည်းက။
အခု သူ့ အသက်ပင် တစ်ဆယ့်ခြောက်နှစ်ရှိပြီ။"မိုးငယ်ရေ!!!!"
"လာပြီ!!"
ထပ်ထွက်လာသည့် တီတီမေ့အသံ ခပ်စူးစူးမှာ အပေါ်ဝတ်တစ်ထည်ကို ဆွဲယူရင်း အောက်သို့ အမြန်ဆင်းခဲ့ရသည်။
လေဆိပ်အတွင်း ခဏမျှ စောင့်ပြီးချိန်တွင် Sunglassမိုးပြာရောင်ကို ခပ်လျောလျောတပ်ထားကာ ရှပ်အင်္ကျီ အပြာနုရောင်ကို စတိုင်လ်ပင် အနက်ဖြင့် တွဲဝတ်ထားသည့် ကျော့ရှင်းသည့်အမျိုးသားတစ်ဦးရောက်လာသည်။
"မင်္ဂလာပါ မေမေ~".
"သား! ကိုခန့်!"
ရည်ရည်မွန်မွန်ဖြင့် ရယ်ပြုံးရင်း ဘွားဘွားရှေ့ လက်အုပ်ချီကာ နှုတ်ဆက်လိုက်ဟန်က တကယ်ကြည့်ကောင်းလှသည်။
ထိုလူသည် သူ၏ Daddyဆိုသူ ဦးခန့်တည်ကြည် ဖြစ်နေသည်လား။
အသက်သုံးဆယ်ဟု မထင်ရလောက်အောင် နုပျိုလွန်းလှသည်က မနာလိုချင်စရာ။
ဖြောင့်တောင့်နေသည့် ကိုယ်ဟန်က မိုးငယ်ရဲ့ပိန်ပါးပါးကိုယ်လုံးနှင့် နှိုင်းယှဥ်လို့ပင် မဖြစ်။ဘွားဘွားတို့ အလွမ်းသယ်နေကြသည်နှင့် မအားမလပ်ဖြစ်နေသူက မိုးငယ်ကို အခုမှ မြင်ဟန် တစ်ချက်စိုက်ကြည့်လာသည်။
