အခန်း(၁)

426 39 2
                                    

Unicode Version

မှုန်ဖျဖျသာနေသည့် လမင်း...

ဝါဖျော့ဖျော့ လမ်းမီးရောင်များ...

တိတ်ဆိတ်သော လမ်းမကျယ်ကျယ်....

အိုဟောင်းဆဲ ဓာတ်တိုင်ကြီး....

မွှေးပျံ့ပျံ့ ခရေနံ့များ...

ဤအရာများကား ပိုးဟပ်ဖြူလေးတစ်ကောင်၏
ညစဉ်ဖြတ်သန်းဖော်များပင်။

ညရိပ်

ကျွန်တော့်နာမည်က ညရိပ်။ ဒါပေမဲ့ တစ်ချို့က ကျွန်တော့်ကို အချစ်လေးလို့ခေါ်ကြတယ်။ တစ်ချို့ကျတော့ ကိုကြီးတို့ ကိုကိုတို့ ခေါ်ကြပြန်ရော။ တစ်ချို့ကတော့ ဘေဘီလို့ ခေါ်ကြပြီး တစ်ချို့ကတော့ ကလေးလို့ပဲ ခပ်လွယ်လွယ် ခေါ်ကြပြန်တယ်။

ဘယ်လိုပဲခေါ်ကြပါစေ့လေ။ ကျွန်တော် ဂရုမစိုက်ဘူး။ ဂရုစိုက်ဖို့လည်း မလိုအပ်ဘူး။ ဘာလို့လဲဆိုတော့ ဒါတွေက ကုတင်ပေါ်မှာ ခေါ်ကြတဲ့ အမည်နာမတွေပဲဟာ။ လူနှစ်ယောက် ပူးကပ်နေတုန်း ပါးစပ်ဖျားက ညည်းညူရင်းထွက်အံကျလာတဲ့ နာမည်မျိုးတွေက ဘာများတန်ဖိုးထားစရာရှိလို့လဲ။ ပြောရရင် ဘယ်သူက ဘယ်လိုခေါ်တယ်ဆိုတာတောင် ကျွန်တော် သိပ်မမှတ်မိပါဘူး။ ဒီအတိုင်း သူတို့ကနာမည်မေးလာရင် ပါးစပ်ထဲရှိတာ ကောက်ဖြေလိုက်တာပဲ။ ညဉ့်ငှက်တစ်ကောင်က အမည်မှန်ကိုဖြေလိမ့်မယ်လို့လည်း ဘယ်ငတုံးကမှ မျှော်လင့်မယ်မထင်ပါဘူး။

သူ...အဲ့ဒီလူ...အဲ့ဒီ...ငတုံးတစ်ယောက်ကလွဲရင်ပေါ့...။

=====================

သူနဲ့ပတ်သက်တဲ့အရာအားလုံးဟာ ခရေပန်းရနံ့တွေသင်းပျံ့နေတဲ့ လမ်းမကျယ်ကြီးထက်ကစခဲ့တယ်။ အဲ့ဒီညက ပုံမှန်ညတစ်ညပါပဲ။ လကလည်းပုံမှန်လိုပဲသာတယ်။ လမ်းကလည်း ပုံမှန်လိုပဲ တိတ်ဆိတ်တယ်။ ဓာတ်မီးတိုင်တွေကလည်း ပုံမှန်လိုပဲ မှိန်ဖျော့ဖျော့ အလင်းရောင်ကိုပေးနေတယ်။

ကျွန်တော်လည်း ပုံမှန်လိုပဲ လမ်းမီးတိုင်တစ်ခုကို ပျင်းရိပျင်းတွဲ မှီရပ်နေခဲ့တယ်။ ဗလာဖြစ်နေတဲ့ဦးနှောက်ကို အလုပ်အနည်းငယ်ပေးတဲ့အနေနဲ့ မနက်ကစားခဲ့တဲ့ ရေခဲမုန့်အကြောင်းကို ပြန်စဉ်းစားနေလိုက်တယ်။

Dancing with the moon(လမင်းနှင့်ကခုန်ခြင်း) COMPLETED ❗Where stories live. Discover now