အခန်း(၂၅)

102 19 0
                                    

Unicode Version

ကျွန်တော် ကုမ္ပဏီအလုပ်လေး၂ရက်၃ရက်လောက် လစ်ဟင်းမိပါတယ်။ တာဝန်တွေက တစ်ပုံတစ်ခေါင်းပါပဲလား။ ဒီ့အပြင် ကောင်းဝေယံကိစ္စကြားဖြတ်ဝင်သွားတော့ ပိုအလုပ်ရှုပ်သွားတာပေါ့။ လူကိုနှုတ်ပိတ်သွားတဲ့အပြင် အလောင်းပါသယ်သွားတော့ တရားခံတွေကို ဘယ်လိုမှအစရှာလို့မရတော့ဘူး။ အဲ့တာကြောင့် အဖေ့လက်ထက်ထဲကစပြီး အခုအချိန်ထိ အတောအတွင်း Vitoriaလုပ်ငန်းစုနဲ့ ပတ်သက်ဖူးတဲ့လူတွေထဲက ကြီးကြီးမားမားဖြစ်စဉ်တစ်ခုခုရှိဖူးသူတွေကို ‌ပြန်ပြီးမြေလှန်ရှာနေရတယ်။

Alexကိုလဲ ကျိုးနေတဲ့လက်တစ်ဖက်နဲ့ အလုပ်တွေဆက်လုပ်ခိုင်းနေရတယ်။ မနေ့ညကဆိုရင် ညရိပ်နဲ့တောင် စကားကောင်းကောင်းမပြောလိုက်ရဘူး။ အခုလဲ မနက်စောစောထဲက အလုပ်ရောက်လာရတယ်။ သိပ်မကြည်တဲ့စိတ်တွေကို ကော်ဖီခါးခါးတစ်ခွက်နဲ့ ဖြေသိမ့်နေရတယ်။

ကော်ဖီတစ်ကျိုက်မော့ချလိုက်ပြီး ခဏလောက်နားမယ်ကြံတုန်းမှာပဲ ရုံးခန်းတံခါးပွင့်သွားပြီး သွင်ရတနာ ဝင်ရောက်လာခဲ့တယ်။ သွင်ရတနာရဲ့မျက်နှာမှာ အရင်ကလို နူးညံ့တဲ့အသွင်တွေပျောက်ပြီး မကျေချမ်းတဲ့အငွေ့အသက်တွေ အပြည့်အနှက်ထင်‌ဟပ်လို့နေလျက်။

"...ကိုလင်းမာန်...ရှင်ဘာလို့ကျွန်မကိုဒီလိုလုပ်ရက်ရတာလဲ..."

အခန်းထဲရောက်ရောက်ချင်းပဲ ကျွန်တော့်ကို စိန်းစိန်းဝါးဝါးကြည့်ပြီး ဒေါသနဲ့ပြောလာတယ်။ ကျွန်တော် မျက်မှောင်ကြုတ်ပြီး စိုက်ကြည့်လိုက်တယ်။ သွင့်ရတနာ့နောက်ကနေ အတွင်းရေးမှူးမလေး အပြေးအလွှားဝင်လာပြီး ကျွန်တော့်ကို တောင်းပန်တယ်။

"...ဆရာ...ကျွန်မလဲတားပါသေးတယ်၊ ဒါပေမဲ့..."

"...ထားခဲ့လိုက်တော့..."

ကျွန်တော် အတွင်းရေးမှူးကို ထွက်သွားခိုင်းလိုက်တယ်။ အခုတော့ အခန်းထဲမှာ ကျွန်တော်နဲ့သွင်ရတနာ နှစ်ယောက်ပဲရှိတော့တာပေါ့။

"...မင်း ဘာပြောစရာရှိသေးလို့လဲ...သွင်ရတနာ..."

"... ရှင်ဘာလို့ဒီလိုလုပ်ရတာလဲ၊ ကျွန်မသိချင်တယ်၊ ရှင်နဲ့တစ်နှစ်လောက်တွဲလာခဲ့တဲ့ချစ်သူတစ်ယောက်အနေနဲ့ ကျွန်မမှာသိပိုင်ခွင့်အပြည့်အဝရှိတယ်၊ ဘာကြောင့်... ဘာကြောင့်များ တစ်ရက်တစ်မနက်ထဲနဲ့ ကျွန်မကို လမ်းခွဲနိုင်ရက်ရတာလဲ... ဘာအကြောင်းပြချက်မှလဲ မပေးပဲလေ၊ ဒီအတိုင်း...ဒီအတိုင်း... ဆက်ပတ်သက်စရာအကြောင်းမရှိတော့ဘူးဆိုတဲ့ စကားလေးတစ်ခွန်းထဲနဲ့..."

Dancing with the moon(လမင်းနှင့်ကခုန်ခြင်း) COMPLETED ❗حيث تعيش القصص. اكتشف الآن