အခန်း(၂၇)

107 19 0
                                    

Unicode Version

ကိုကိုနဲ့ကျွန်တော် အိမ်ပြန်လမ်းမှာ ဘာစကားတစ်ခွန်းမှမပြောဖြစ်ကြဘူး။ ကိုကိုက ကားကိုပဲအရှိန်ပြင်းပြင်းမောင်းနှင်နေပြီး ကျွန်တော်ကတော့ ကားပြတင်းအပြင်ဘက်ကိုပဲ ငေးကြည့်နေခဲ့တယ်။ ကားမှန်ကိုလာရိုက်တဲ့မိုးစက်တွေထက်တောင် ကျွန်တော့်အတွေးစတွေက ပိုများနေလိမ့်မယ်ထင်တယ်။

ကျွန်တော်ဟာ မိဘမဲ့တစ်ဦး၊ ယခင်က ဒုစရိုက်လောကမှာ ကျင်လည်ခဲ့ဖူးပြီး ယခုတော့ ယောက်ျားပြည့်တန်ဆာဘဝမှာ နေထိုင်နေသူတစ်ယောက်။ ကိုကိုက မျိုးရိုးသန့်အသိုင်းအဝိုင်းက ချမ်းသာကြွယ်ဝတဲ့ လိုတိုင်းရသူဌေးသား။ အဲ့လိုမျိုး ကျွန်တော်တို့နှစ်ယောက် ရေရှည်လက်တွဲသွားနိုင်ဖို့ဟာ ဖြစ်နိုင်ချေ သိပ်ကိုနည်းတယ်မဟုတ်ပါလား။

ဒါက အနည်းငယ်ခါးသက်သက်နိုင်တယ်ဆိုပေမဲ့ လက်ခံကိုခံရမဲ့အမှန်တရားတစ်ခုပဲ။ ကျွန်တော် အချစ်ကြောင့်စုံလုံးကန်းနေတာမို့ မမြင်ချင်ယောင်ဆောင်နေခဲ့တဲ့ အမှန်တ‌ရားကြီးတစ်ခု။ ဒီနေ့မှာ ကိုကို့အဘွားက ထပ်သတိပေးလိုက်တာဟာ အဲ့အမှန်တရားကိုပိုပြီးမြင်သာသွားစေရုံပါပဲ။

အမှန်အတိုင်းဝန်ခံရရင် ကျွန်တော်လဲ ကိုကို့ကိုလက်မလွှတ်ချင်ပါဘူး။ ဒါပေမဲ့လဲ ကျွန်တော် ကိုကို့ကို ထပ်ပြီးဆွဲထားသင့်‌ေသးရဲ့လား။ ကိုကိုကရော ကျွန်တော့်ဘေးမှာ ရှိနေသင့်သေးရဲ့လား။ တကယ်ပဲ ကျွန်တော်တို့က ပေါင်းဖက်ဖို့ဖြစ်နိုင်ရဲ့လား။ အမျိုးစုံတွေးနေမိပေမဲ့ ထပ်တလဲလဲမေးနေမိတဲ့မေးခွန်းကတော့ ကျွန်တော်က ကိုကိုနဲ့တန်လို့လားဆိုတာပဲ။

"...ညရိပ်...ကိုယ်လုံးဝခွင့်မပြုဘူးနော်..."

ကိုကိုက ရုတ်တရက် ကားကိုလမ်းဘေးထိုးရပ်လိုက်တယ်။ ပြီးတော့ ကျွန်တော့်ကို စူးရဲတဲ့အကြည့်တွေနဲ့စိုက်ကြည့်ပြီး အမိန့်ဆန်ဆန်စကားကိုဆိုလိုက်တယ်။ အဲ့တာက အတွေးထဲနစ်မြုပ်နေတဲ့ ကျွန်တော့်ကို လှုပ်နှိုးလိုက်သလိုပါပဲ။

"...ဘာကိုလဲ..."

"...မင်းအခုကိုယ့်အနားကနေထွက်သွားဖို့တွေးနေတာမလား၊ ကိုယ်အဲ့လိုတွေးခွင့်မပြုဘူးနော် ညရိပ်၊ ထွက်သွားခွင့်လဲမပြုဘူး..."

Dancing with the moon(လမင်းနှင့်ကခုန်ခြင်း) COMPLETED ❗Where stories live. Discover now