အခန်း(၂၀)

168 23 4
                                    

ကျွန်တော် မျက်ခွံတွေပြန်ဖွင့်ကြည့်လိုက်တော့ ဟိုတယ်ခန်းထဲက ကုတင်ပေါ်ပြန်ရောက်နေတာ သိလိုက်ရတယ်။ ကျွန်တော့်ဘေးမှာ လူတစ်ယောက်က ကျွန်တော့်လက်ကိုကိုင်ပြီး ထိုင်နေတယ်။ ကျွန်တော်က အဲ့လူဟာ သုတသစ်ပဲဖြစ်မယ်လို့ထင်ပြီး သူ့လက်ထဲကနေ ကျွန်တော့်လက်ကို အသာလျှိုထုတ်ဖို့ ကြိုးစားလိုက်တယ်။ ဒါပေမဲ့ တစ်ဖက်လူက အထုတ်မခံပဲ ပိုပြီးတင်းတင်းဆွဲကိုင်လာခဲ့တယ်။ ပြီးတော့ အဲ့လူဆီကနေ ကျွန်တော်သိပ်ရင်းနှီးနေတဲ့ ဩရှရှစကားသံကို ကြားလိုက်ရပါတော့တယ်။

"...ညရိပ်...မင်းနိုးလာပြီပဲ..."

ကျွန်တော့်အမြင်အာရုံတွေ တဖြည်းဖြည်းကြည်လင်လာတော့မှပဲ အသေအချာသိလိုက်ရတော့တယ်။ အခု ကျွန်တော့်ဘေးရောက်နေတဲ့လူဟာ သုတသစ်မဟုတ်၊ လင်းမာန်သာဖြစ်နေတယ်ဆိုတာကိုပေါ့။ ကျွန်တော် အားယူကာ ထထိုင်လိုက်ပြီး အလိုမကျဟန်နဲ့ မေးလိုက်တယ်။

"...ကို...ခင်ဗျား ဘယ်လိုလုပ်ပြီး ဒီရောက်နေတာလဲ၊ သုတရော...သုတဘယ်မှာလဲ..."

"...ဟိုချာတိတ်ပြန်သွားပြီ၊ ကိုယ်က အကြွေးလာယူတာ..."

"...သုတပြန်သွားပြီ?...ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ကျွန်တော့်ကိုလဲ ဘာမှပြောမသွားဘူးလေ၊ ခင်ဗျား တစ်ခုခုလုပ်လိုက်တာမဟုတ်လား..."

"...ကိုယ်ဘာမှမလုပ်ဘူး၊ သူ့ဘာသာသူပြန်သွားတာ၊ မင်းအမြင်မှာ ကိုယ်က အဲ့လောက်တောင်ပဲဆိုးနေလို့လား...ညရိပ်..."

"..."

ကျွန်တော် စိတ်ရှုပ်နေတာပဲသိတော့တယ်။ နေ့ချင်းညချင်း သုတက ကျွန်တော့်ကို နှုတ်မဆက်ပဲပြန်သွားတယ်ဆိုတာ ဘယ်လိုတွေးတွေး ဟာကွက်ရှိနေတဲ့ လိမ်စဉ်ကြီးတစ်ခုပဲလေ။ ဒါပေမဲ့ လင်းမာန်ပုံစံက တကယ်ကို သူဘာမှလုပ်မထားဟန်ပေါက်နေတယ်။ ဟန်ဆောင်နေတာလား၊ တကယ်လား၊ ဘယ်အထိကအမှန်လဲ၊ ဘာတွေဘယ်လိုဖြစ်ကုန်တာလဲဆိုတာ ကျွန်တော်လုံးဝမနားမလည်တော့။

"...ကျွန်တော်မေ့နေတာဘယ်လောက်ကြာသွားပြီလဲ၊ ကျွန်တော့်ကို ပြန်ခေါ်လာတာ ခင်ဗျားလား၊ သုတ ဘယ်တုန်းကပြန်သွားတာလဲ၊ ခင်ဗျားက ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ၊ ကျွန်တော် ဘာတွေဖြစ်ခဲ့တာလဲ..."

Dancing with the moon(လမင်းနှင့်ကခုန်ခြင်း) COMPLETED ❗Donde viven las historias. Descúbrelo ahora