အခန်း(၁၆)

148 26 2
                                    

Unicode Version

"...အကိုညရိပ်...အကို...၊ အကို..."

သုတသစ်က ကျွန်တော့်ကို အော်ခေါ်ရုံမက သူ့လက်နဲ့ ကျွန်တော့်လက်ဖျံကို ကိုင်လှုပ်လိုက်မှ ကျွန်တော်သတိရသွားတယ်။ မျက်စိရှေ့မှာ ဟော့ပေါ့အိုးပူပူကြီးက ပွက်ပွက်ဆူနေတာဟာ ငရဲပြည်ကဒယ်ပူကြီးအလားပဲ။

"...ဟင်းရည်တွေတအားဆူနေပြီလေ၊ အကိုဘာတွေတွေးနေတာတုန်းဗျ..."

"...အင်း...ဒီလိုပါပဲ၊ ပူမယ် သုတ၊ သတိထား..."

"...ရပါတယ်၊ ညီက အပူကိုင်နိုင်တယ်..."

သုတသစ်က အိုးပူပူထဲကနေ ခွက်သေးသေးလေးထဲကို အသား‌တွေအပြည့်ပါတဲ့ ဇွန်းကြီးတစ်ဇွန်းအပြည့် ခပ်ထည့်လိုက်ပြီး ကျွန်တော့်ရှေ့မှာချပေးတယ်။ ဒီချာတိတ်က ကျွန်တော့်ကိုဆို တော်တော်ဂရုစိုက်တယ်။ ကိုကိုသာ သုတတစ်ဝက်လောက်လေးပဲ ဂရုစိုက်ပေးတတ်မယ်ဆိုရင်...။

ကျွန်တော် ဘာတွေလျှောက်တွေးနေပါလိမ့်။ ကိုကိုက သူ့ကောင်မလေးကိုပဲ ဂရုစိုက်မှာပေါ့။ ကျွန်တော့်လို တစ်ညသုံးညငှက်ကို ဘယ်အတွက်ဒီလိုဂရုစိုက်နေမှာလဲ။ လိုမှမလိုအပ်ပဲလေ။ ကျွန်တော်ကိုယ့်အတွေးနဲ့ကိုယ် ခေါင်းအသာခါလိုက်တယ်။ မင်းကမဖြစ်နိုင်တာတွေကို အမြဲတမ်းစိတ်ကူးယဉ်နေတတ်တဲ့ အရူးပဲလို့လဲ ကျွန်တော် ကိုယ့်ကိုယ်ကို ကျိန်ဆဲလိုက်တယ်။

"...မင်းလက်က ဘာဖြစ်တာလဲ..."

ကျွန်တော့်ရှေ့ကို ပန်းကန်လုံးချပေးတဲ့ သုတရဲ့လက်ခုံမှာ ဒဏ်ရာတချို့တွေ့လိုက်တာကြောင့် ကျွန်တော် သူ့လက်ကိုအနီးကပ်ဆွဲယူပြီး ကြည့်လိုက်တယ်။ သုတက သူ့လက်ကိုအတင်းပြန်ရုန်းပြီး ဒဏ်ရာတွေကို အင်္ကျီလက်နဲ့ဆွဲဖုံးလိုက်တယ်။

"...ဘာမှမဟုတ်ပါဘူး အကို၊ ဟိုနေ့ကဟင်းချက်ရင်း ဓားရှမိတာ..."

"...အနာရှိရင်ဆေးထည့်လေ သုတ၊ ပစ်မထားနဲ့၊ အနာပိုရင်းသွားလိမ့်မယ်..."

"...ဟုတ်ကဲ့ပါ အကို၊ ညီထည့်လိုက်ပါ့မယ်..."

"...ကဲ...စားတော့၊ အေးသွားလိမ့်မယ်..."

ကျွန်တော်က သုတပန်းကန်ထဲ အသားလုံးတစ်လုံးကို တူနဲ့ညှပ်ထည့်ပေးလိုက်ပြီးတော့ ကိုယ်စားစရာရှိတာစားနေလိုက်တယ်။ ဆွေရယ်မျိုးရယ်မရှိတဲ့ကျွန်တော့်အတွက် သုတသစ်ဟာ ညီငယ်လေးတစ်ယောက်လိုဖြစ်လာတယ်။ သုတသစ်ဘက်ကလဲ ကျွန်တော့်ကို အစ်ကိုတစ်ယောက်လို ခင်တွယ်နေမယ်ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ဘာဆိုတာသာ သူသိသွားရင် ဒီခင်မင်မှုက ဆက်ရှိနေနိုင်ပါ့ဦးမလား။

Dancing with the moon(လမင်းနှင့်ကခုန်ခြင်း) COMPLETED ❗Where stories live. Discover now