အခန်း(၁၃)

158 31 4
                                    

Unicode

"...ဝု...ဝု...ဝု..."

တဝုဝုအသံပေးကာ မျက်နှာနားမှာတရှုံ့ရှုံ့လုပ်နေတဲ့ ဂျက်ကြောင့် ကျွန်တော်နိုးလာတယ်။ ညက အိမ်ကိုဘယ်ခြေလှမ်းတွေနဲ့ ဘယ်လိုတွေပြန်ရောက်လာသလဲတောင်မသိဘူး။ ဪ...သူအိပ်ပျော်သွားတုန်း ကျွန်တော်လစ်လာခဲ့တာပဲ။ ခြေဖဝါးက ကွဲရာရှရာတွေတောင် ဆေးထည့်ဖို့မေ့သွားတယ်။ အိမ်ရောက်ထဲက အိပ်ရာပေါ်ကိုပစ်လှဲချလိုက်မိတယ်ထင်တယ်။

"...မင်းက ဗိုက်ဆာနေပြီပေါ့လေ ဟုတ်လား..."

ဂျက်က ကျွန်တော့်လက်မောင်းကြားထဲ ခေါင်းအတင်းထိုးဝင်ပြီး ကျွန်တော့်ကိုလာချွဲနေတယ်။ ကျွန်တော်လည်း အနှီကြီးကောင်ကြီးမား ကလေးကြီးကို ပွတ်သပ်ပေးလိုက်ရ‌တာပေါ့။

ဒေါက်...ဒေါက်...ဒေါက်...

"...အကိုလင်းမာန်၊ အကို...ကျွန်တော်သုတသစ်ပါ..."

လင်းမာန်ဆိုတဲ့နာမည်ကြားတော့ ကျွန်တော့်ရင်ထဲဒိန်းခနဲနေသွားသေးတယ်။ နောက်မှသတိရလိုက်တာ ဘေးအိမ်ကချာတိတ်ကို ကျွန်တော့်နာမည်လင်းမာန်ပါဆိုပြီး ပြောထားမိတယ်မဟုတ်လား။ ဒါဆို အခုအသံက အဲ့ချာတိတ်အသံပဲနေပါလိမ့်မယ်။

ဒေါက်...ဒေါက်...ဒေါက်...

"...အကိုလင်းမာန်၊ အိမ်မှာရှိလားဗျ...အကိုလင်းမာန်..."

ထပ်ထွက်လာတဲ့ တံခါးခေါက်သံနဲ့အတူ ဘေးအိမ်ကကောင်လေးရဲ့အသံပါ ထပ်ကြားလိုက်ရတော့ ဂျက်ကဆတ်ခနဲခေါင်းထောင်လာပြီး အခန်းတံခါးဝမှာ သွားဟောင်ပြတယ်။ ဒီကောင်ရုပ်က ခုနကပတ်ချွဲနေတုန်းကနဲ့များ တခြားစီ။ ခွေးတွေဟာ သခင်ကိုမျက်နှာလိုမျက်နှာရသိပ်လုပ်တတ်တာ၊ အချစ်ခံရအောင်လည်း တအားနေတတ်ပဲ။ ကျွန်တော်လည်း ဒီပညာတွေသင်ထားရမယ်နဲ့တူပါတယ်။

"...လာပြီ၊ လာပြီ...အ..."

ကျွန်တော်လည်း သူ့နာမည်ကြီးထပ်ကြားနေရတာ စိတ်ထဲတစ်မျိုးဖြစ်လာတာနဲ့ အမြန်အသံပြုလိုက်ရတော့တယ်။ အခွင့်သင့်ရင် ကျွန်တော်နာမည်ပြောင်းပြောရဦးမယ်လို့ပါ စိတ်ထဲမှတ်ထားလိုက်တယ်။

အဲ့လိုနဲ့ ကျွန်တော်အသံပေးပြီး မတ်တပ်ထရပ်လိုက်တော့မှ ခြေဖဝါးကဒဏ်ရာကို သတိရမိတော့တယ်။ အနာက သွေးစတွေတောင်ခဲပြီး ကွဲရာဘေးမှာကပ်နေပြီ။ ကျွန်တော် အကောင်းအတိုင်းရှိတဲ့တစ်ဖက်ကိုအားပြုထောက်ရင်း တံခါးသော့ဖွင့်ပေးလိုက်ရတယ်။

Dancing with the moon(လမင်းနှင့်ကခုန်ခြင်း) COMPLETED ❗Where stories live. Discover now