အခန်း(၂၄)

115 20 2
                                    

Unicode Version

ကိုကို့ကားလေးဟာ ကျွန်တော်နေတဲ့တိုက်ခန်းရှေ့အထိ ရောက်လာခဲ့တယ်။ ညအချိန်ဖြစ်တာကြောင့် လမ်းမီးတိုင်တွေနဲ့ လမ်းဘေးခွေးတွေကလွဲရင် လမ်းပေါ်မှာ ဘာမှမရှိလောက်အောင် ရှင်းလင်းနေတယ်။ ကျွန်တော်က ကျွန်တော့်အထုပ်ကိုဆွဲပြီး ကိုကို့ကိုနှုတ်ဆက်လိုက်တယ်။

"...ကျွန်တော် သွားတော့မယ်နော်..."

ကိုကိုက ဘာမှမပြောပဲ စိုက်ကြည့်နေတယ်။ သူစိတ်ဆိုးနေမယ်ထင်လို့ ကျွန်တော်လဲ ထပ်ပြီးနှုတ်မဆက်နေတော့ပဲ တိတ်တဆိတ်ဆင်းသွားရန်သာ ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်ကားပေါ်ကဆင်းပြီး တိုက်ခန်းလှေကားသော့ကိုဖွင့်နေတုန်း ကျွန်တော့်နောက်ကျောမှာ နွေးခနဲနေသွားတယ်။ လှည့်ကြည့်ရန်ပင်မလိုလောက်အောင် ကျွန်တော်ရင်းနှီးနေတဲ့ရင်ခွင်ရဲ့အနွေးဓာတ်ပါပဲ။ ကိုကိုက ကျွန်တော့်ကိုဖက်ထားပြီး ထင်မထားတဲ့စကားတစ်ခွန်းကို ခပ်ရွှင်ရွှင်ပြောလာတယ်။

"...မင်းက ကိုယ်နဲ့လိုက်မနေချင်ဘူးဆိုရင် ကိုယ်က မင်းနဲ့လိုက်နေမှာပေါ့..."

ကျွန်တော့်အိမ်ကို ကိုကို့ကိုခေါ်သွားလို့ မဖြစ်ဘူးလေ။ ဒီနားမှာပဲ ကိုကို့ရည်းစား နေတယ်မဟုတ်လား။ ပြီးတော့ ဒီအိမ်ကို ဒယ်ဒီသိတယ်။ မတော်တဆ ကိုကိုနဲ့များဆုံသွားခဲ့ရင်...။ မဖြစ်ဘူး။ ကျွန်တော် ကိုကို့ကို အိမ်ခေါ်သွားလို့မဖြစ်ဘူး။

"...ကိုကို...အဲ့တာက..."

"...အဲ့တာက... ဘာဖြစ်လဲ ညရိပ်..."

ကိုကိုက လက်ပိုက်ပြီး ကျွန်တော့်အဖြေကို စိတ်မရှည်ဟန်နဲ့စောင့်နေတယ်။ ကျွန်တော် အတွေးရကျပ်နေတုန်းမှာပဲ ကိုကိုကရယ်တယ်။ တစ်ခါထဲ အကျပ်ရိုက်နေတဲ့ကျွန်တော့်ကို လက်ဆွဲပြီး ကားပေါ်ပြန်ခေါ်သွားပါတော့တယ်။

အဲ့လိုနဲ့ပဲ ကျွန်တော် ကိုကိုနေတဲ့ကွန်ဒိုဆီ ဒုတိယအကြိမ်မြောက် ရောက်ရှိလာခဲ့ပါတော့တယ်။ ကိုကိုက အပိုင်ကွက်ကို ချုပ်တတ်တဲ့နေရာမှာ ဆရာကျလွန်းတယ်။ ကျွန်တော်ငြင်းမရနိုင်တဲ့ အနေအထားကို ဖန်တီးရာမှာ လက်ရာမြောက်လွန်းပါတယ်။

Dancing with the moon(လမင်းနှင့်ကခုန်ခြင်း) COMPLETED ❗Where stories live. Discover now