အခန်း(၅)

206 31 0
                                    

Unicode

ကျွန်တော်တို့တိုက်ခန်းက ဟိုဘက်ဒီဘက်နှစ်ခန်းတွဲကို အလည်မှာ လှေကားကျဉ်းလေးနဲ့ဆက်ထားတဲ့ တိုက်ခန်းမျိုး‌။ အဲ့တော့ ကျွန်တော်ကအထွက် ဘေးခန်းကဆူခံနေရတဲ့ကောင်လေးကလည်း တံခါးဆွဲအဖွင့် မျက်နှာချင်းဆိုင်ရက်သား တည့်တည့်တိုးသွားတော့တယ်။

ဒီကောင်လေးက....စတိုးဆိုင်မှာတုန်းက ကျွန်တော့်ကို ဝင်တိုက်ခဲ့တဲ့ချာတိတ်ပဲ။ လက်စသတ်တော့ သူက ကျွန်တော့်ဘေးခန်းကကိုး။ ဘေးခန်းမှာ လူသစ်တွေပြောင်းလာတာ တစ်ပတ်လောက်ရှိပြီ။ နေ့တိုင်းနီးပါး ရန်ဖြစ်သံ၊ ဆဲသံဆိုသံတွေတော့ ကြားရတတ်ပေမဲ့ မိန်းမကြီးတစ်ယောက်အသံ တစ်ခါတစ်ရံ ယောက်ျားကြီးတစ်ယောက်အသံ အဲ့လောက်ပဲကြားဖူးတာ။ ဒီချာတိတ်အသံကို တစ်ခါမှမကြားဖူးသေးဘူး။ တွေ့လည်းမတွေ့ဖူးသေးတော့ အခုမှပဲ ဘေးခန်းမှာ တက္ကသိုလ်ကျောင်းသားတစ်ယောက်ရှိမှန်း သိလိုက်ရတာ။

‌ချာတိတ်က မျက်လုံးအပြူးသားနဲ့ ကျွန်တော့်ကို ရပ်ကြည့်နေ‌တယ်။ ပြီးတော့ ကျွန်တော့်ရှေ့ကနေ ခေါင်းငိုက်စိုက်ချပြီး လှေကားထစ်တွေကနေ အပြေးဆင်းသွားတယ်။ သူဆူခံထိနေတာကို ကျွန်တော့်ရှေ့ အမြင်ခံလိုက်ရလို့ ရှက်သွားသလားပဲ။ ဆယ်ကျော်သက် မနူးမနပ်လေးတွေဆိုတော့လည်း အဲ့လိုဖြစ်တတ်တာပေါ့လေ။

ကျွန်တော်လည်း လှေကားထစ်တွေကနေ ဆင်းလာလိုက်ပြီး စတိုးဆိုင်ဆီ သွားခဲ့တယ်။ ကျွန်တော့်ရှေ့မလှမ်းမကမ်းမှာ ချာတိတ်က ခေါင်းငိုက်စိုက်ချပြီး သွားနေတယ်။ သူနဲ့ကျွန်တော် သိပ်မကွာတော့ဘူး။ အလည်မှာ ခြေသုံးလှမ်းစာလောက်ပဲကွာမယ်ထင်တယ်။

...တီတီ...တီတီ...

ကားတစ်စီးက လမ်းထဲကို ကွေ့ဝင်လာတယ်။ ချာတိတ်က သူ့အတွေးနဲ့သူ လမ်းဖြတ်ကူးဖို့ လုပ်လိုက်တယ်။ ကားလာနေတာကို မသိပဲ၊ ဘေးဘီကိုလည်း မကြည့်ပဲနဲ့လေ။

"...ကားလာတယ်၊ သတိထား..."

ကျွန်တော်က အဲ့ချာတိတ်လက်မောင်းကို လှမ်းဆွဲလိုက်ပြီး ပလက်ဖောင်းပေါ်ရောက်အောင် အားနဲ့ဆွဲယူပစ်လိုက်ရတယ်။ ကျွန်တော့်မျက်စိရှေ့တင် လူတစ်ယောက် ထိခိုက်မလိုဖြစ်တော့မှာဆိုတော့ ကြည့်နေဖို့မသင့်ဘူးမဟုတ်လား။

Dancing with the moon(လမင်းနှင့်ကခုန်ခြင်း) COMPLETED ❗Where stories live. Discover now