//Chapter 17//

5K 1K 29
                                    

Unicode

ရှီပုဖန်စိတ်လှုပ်ရှားဖို့ကောင်းတယ်လို့ ခံစားရတဲ့အရာမှန်သမျှဟာ ကျန်းယွမ်ပိုင်အတွက်တော့ ထိတ်လန့်စရာအတိပင်။

သူ့ရဲ့ရှော့ခ်ရသွားတဲ့မျက်လုံးတွေက ပြူးကျယ်သွားရင်း
“ ငါ့ပါးကငါ့ကိုရိုက်လိမ့်မယ် ”

ကျန်းယွမ်ပိုင်ရဲ့အကြည့်နဲ့ဆုံတွေ့မိတဲ့အချိန် ရှီပုဖန်အတန်ငယ်တုန်ယင်သွားပြီး သူ့နှလုံးသားထဲကနေ ပြင်းထန်မွန်းကြပ်တဲ့ခံစားချက်တစ်ခု အရှိန်ပြင်းစွာထွက်ပေါ်လာသည်။
“ မင်းအသက်ဘယ်လောက်ရှိနေပြီလဲ? အခုချိန်ထိ မင်းအဖေက မင်းကိုရိုက်တုန်းပဲလား? ”

ကျန်းယွမ်ပိုင်က ခေါင်းကို အောက်ငိုက်စိုက်ချလိုက်တော့ သူ့ရဲ့ကွေးလိမ်နေတဲ့ဆံပင်လေးက မျက်တောင်လေးတွေထက် နားခိုသွားလျက်။ ရှီပုဖန်က လက်ဆန့်ကာ ယင်းကိုဖယ်ပေးဖို့ လုပ်လိုက်ပေမဲ့ ကျန်းယွမ်ပိုင်က ချက်ချင်းပင် သူ၏ထိတွေ့မှုကို ရှောင်လိုက်ပြန်သည်။ သူက သဘောမကျ၊ မကျေမနပ်ဖြစ်နေတဲ့အသံနဲ့ပြောလိုက်ပေမဲ့ ရှီပုဖန်အတွက်ကတော့ အလိုလိုက်ခံထားရတဲ့ကလေးတစ်ယောက်လို ပြုမူနေတယ်လို့ ခံစားရစေ၏
“ ငါ့ကိုမထိနဲ့ ”

သူ့လိုမျိုးမိဘစကားကို တသွေမတိမ်းနားထောင်တတ်တဲ့သူမျိုးကို ရှီပုဖန်တစ်ခါမှမဖြင်ဖူးပေ။ သူကသူ့မိဘတွေကို ဘယ်လိုငြင်းပယ်ရမလဲဆိုတာကိုတောင် မသိဘူး။ ဒါကြောင့်မို့ ရှီပုဖန်က ဒီနေရာမှာ စိတ်လှုပ်ရှားစရာလေးတွေကို ရှာဖွေနိုင်တယ်လို့ မထင်တော့ချေ။ သူ နောက်နည်းလမ်းတစ်ခုပြောင်းကာ ရည်ရွယ်ချက်ချက်ရှိရှိဖြင့် ပြောလိုက်သည်။
“ မင်းပါးက မင်းကို နေ့ကလေးထိန်းကျောင်းက ကလေးတစ်ယောက်လို ဆက်ဆံနေတာလား? မင်း ဘာမှအမှားမလုပ်ထားတာတောင် သူက မင်းကို သူ့စိတ်ကြိုက်အိမ်ပြန်ခေါ်လာတယ်။ သူက အတန်းမတက်အောင် ထိန်းသိမ်းထားတာက နည်းနည်းလေးမပိုလွန်းဘူးလား?”

ကျန်းယွမ်ပိုင်လည်း နဂိုက အဲ့လိုတွေးမိပေမဲ့ ကျန်းဖျင်ကျင့်ပြောတာကို သူမလိုက်နာဘဲမနေရဲပေ။ အခုချိန်မှာ ရှီပုဖန်က သူ့အတွေးတွေကို မြင်သာအောင် မီးမောင်းထိုးပြလိုက်သလိုပင်။ ကျန်းယွမ်ပိုင်က သူ့မျက်လုံးထောင့်ကို ပွတ်လိုက်ပြီး တိတ်တိတ်လေးပဲဆက်နေလိုက်သည်။

ရှီပုဖန်ရဲ့မျက်လုံးတွေ တောက်ပသွားပြီး ကျန်းယွမ်ပိုင်နဲ့ပိုနီးကပ်အောင် တိုးသွားလိုက်ကာ
“ ဘယ်လိုတောင်ထက်မြက်လိုက်တဲ့ကလေးလေးလဲ။ မင်း တကယ်အတန်းကိုမသွားတော့ဘူးပေါ့။ မင်းအဖေက အိမ်ကိုသော့တောင်ခတ်ထားခဲ့တာမဟုတ်ဘူး တကယ်လို့ မင်းသွားချင်တယ်ဆိုရင် ဒီတိုင်းလေးသွားလို့ရနိုင်တာပဲ မဟုတ်ဘူးလား? ”

ကျန်းယွမ်ပိုင်ရဲ့နှလုံးသားထဲမှာ အနည်းငယ်လှုပ်ခတ်သွားရ၏။

ရှီပုဖန်ရဲ့စကားလုံးတွေက ကျန်းယွမ်ပိုင်၏အစစ်အမှန်ခံစားချက်တွေကို လှစ်ဟပြလိုက်သလိုပင်။ ကျန်းဖျင်ကျင့်ရဲ့ဆက်ဆံမှုတွေကို သူ့နှလုံးသားထဲမှာ သဘာဝအလျောက်ငြင်းဆန်နေတာဖြစ်သည်။ သို့ပေတည်း သူက အမြဲတမ်း အားနည်းပြီးတော့ ထိပ်တိုက်ရင်ဆိုင်ရတာကိုလည်း ကြောက်ရွံ့လေသည်။ ဒီတစ်ကြိမ် ကျန်းဖျင်ကျင့် ကျိယန့်ဖျင်ရဲ့ဖုန်းခေါ်မှုကိုလက်ခံရတာနဲ့ သူ့ကို အိမ်ပြန်ခေါ်ဖို့ အပြေးရောက်လာသည်။ ကြည့်ကောင်းအောင်ပြောရမယ်ဆိုရင် ကျန်းဖျင်ကျင့်က ကျန်းယွမ်ပိုင်ကို ကာကွယ်ပေးတယ်ပေါ့။ သို့သော်ငြား အမှန်အတိုင်းဆိုရမယ်ဆိုရင် သူက ကျန်းယွမ်ပိုင်အပေါ် ထိန်းချုပ်ချင်နေတာပင်။ ကလေးတစ်ယောက်အနေနဲ့ ကျန်းဖျင်ကျင့်က ကျန်းယွမ်ပိုင်ပေါ်မှာ ထိန်းချုပ်လေ့ရှိပြီး ကျန်းယွမ်ပိုင်က မှားနေတဲ့လမ်းကြောင်းကို ဦးတည်မယ်လို့ထင်ရင် သူကချက်ချင်းအမှန်ပြင်ပေးလိမ့်ပေမည်။

တကယ်လို့ ဒီနေ့မှာ သူမဟုတ်ဘဲ ကျန်းယိုရှို့ဖြစ်နေခဲ့မယ်ဆိုရင် ကျန်းဖျင်ကျင့်က သူ့ကိုဒီလိုမျိုးဖိအားပေးပြီး အိမ်ပြန်ခေါ်လာမှာမဟုတ်ပေ၊ ဘာလို့လဲဆိုတော့ ကျန်းယိုရှို့က ဒီလိုကျိုးကြောင်းမဆီလျော်တဲ့ဆက်ဆံမှုမျိုးကို မည်သည့်အခါမျှ လက်ခံမည်မဟုတ်သောကြောင့်ပင်။

ရှီပုဖန် ဆက်ပြောလိုက်သည် 
“ ဒီနေ့labခန်းထဲသွားရမယ်လို့ငါကြားတယ်၊ မင်း အဲ့ဒါကိုလုံးဝသဘောကျလောက်တယ်။ ငါတို့က ဂျူနီယာနှစ်ထဲရောက်နေပြီဆိုတော့ နောက်ပိုင်းကျရင် အလုပ်တွေက ပိုများလာတော့မှာ။ အဲ့ကျရင် ဒီလိုမျိုးလက်တွေ့လေ့ကျင့်မှုလုပ်ရဖို့ အခွင့်အရေးက ပိုနည်းသွားလိမ့်မယ် ”

ကျန်းယွမ်ပိုင်ရဲ့မျက်တောင်လေးတွေ လှုပ်ခတ်သွားပြီး သူ့မျက်လုံးတွေထဲမှာ လွန်ဆွဲနေတဲ့အကြည့်တွေကို မြင်နိုင်ပေ၏။ ရှီပုဖန် စိတ်ရှည်ရှည်နဲ့တစ်ခဏကြာအောင်စောင့်နေစဉ် နောက်ဆုံးတော့ သူစကားပြောတာကို ကြားလိုက်ရသည်။
“ ငါ့ပါးကငါ့ကိုရိုက်လိမ့်မယ် ”

“ မင်းပါးက အရင်တုန်းက မင်းကိုရိုက်ဖူးလား? ”

ရှီပုဖန်က ကျန်းယွမ်ပိုင်ရဲ့ဖြူရှင်းနေတဲ့မျက်နှာလေးကို စိုက်ကြည့်နေမိသည်။ သူ ကျန်းမိသားစုက မိဘတွေကို မတွေ့ဖူးပေမဲ့လည်း ကျန်းယွမ်ပိုင်ရဲ့စရိုက်အရ ပုံမှန်မိဘတွေက သူ့အပေါ် လက်ပါစရာအကြောင်းမရှိပေ။ နှစ်ယောက်ထဲမှတစ်ယောက်က ကျန်းယွမ်ပိုင်ကို ခြောက်လှန့်ရုံသာလိုပြီး ကျန်းယွမ်ပိုင်ကလည်း သတ္တိကြောင်ပြီးကြောက်ပေလိမ့်မည်။ သူ့မိဘတွေက တကယ်ကြီးသူ့ကိုရိုက်တယ်ဆိုရင် ကျန်းယွမ်ပိုင် သတိတောင်လစ်သွားနိုင်လေ၏။

ခေတ္တမျှကြာပြီးတဲ့နောက် ကျန်းယွမ်ပိုင် ပြန်ဖြေလိုက်သည်
“ မရိုက်ဖူးဘူး ”

အမှန်ပဲ။ ကျန်းဖျင်ကျင့်က သူ့ကို မကြာခဏ ခြောက်လှန့်ပေမဲ့ သူ့အပေါ် တကယ်လက်မပါဖူးလေဘူး။ သို့ရာတွင် သူ ကျန်းယိုရှို့ကိုတော့ ရိုက်ဖူး၏ ယိုရှို့က စည်းကမ်းမလိုက်နာခဲ့တာကြောင့်ပင်။ ကျန်းယွမ်ပိုင်ကိုကြည့်မယ်ဆိုရင် သူက အမြဲတမ်းစကားနားထောင်တော့ အခုတစ်ခေါက်က ကျန်းဖျင်ကျင့်ကို မကျေမချမ်းဖြစ်သွားစေတာပင်။ သူက ကျန်းယွမ်ပိုင်ဟာ လွန်စွာအားနည်းပြီး ကလေးဘဝတုန်းကလို အနိုင်ကျင့်ခံရရင် အိမ်ကိုပဲပြန်လာတတ်ကြောင်း အမြဲညည်းညူပြောဆိုတတ်သည်။ သူ့အဖေက သူ့ကို ဆူပူကြိမ်းမောင်းနေချိန်မှာ သူ့အမေက သူ့အား သူမလက်မောင်းထဲမှာထွေးပွေ့၍ နှစ်သိမ့်ပေးပေလိမ့်မည်။
“ မင်း ဘာလို့အမြဲတမ်းငိုပြီး အိမ်ပြန်လာရတာလဲ? သူတို့ မင်းကိုရိုက်တယ်ဆိုရင် မင်းကရော ပြန်မရိုက်နိုင်ဘူးလား? အဲ့ကလေးတွေကို သေတဲ့အထိရိုက်ပစ်လိုက်! ဒီအဖေက မင်းအစားထောင်ထဲဝင်ပေးမယ်!”

ကျန်းဖျင်ကျင့်မှာ ဝိရောဓိဖြစ်စရာသဘောထားရှိသည်။ သူက ကျန်းယွမ်ပိုင်အနိုင်ကျင့်ခံရတဲ့အခါ ငိုတာကိုမလိုချင်ပေမဲ့ ကျန်းယွမ်ပိုင်ကို ရှီပုဖန်တို့လိုလူမျိုးနဲ့ ဆက်နွယ်တာကိုလည်း မကြိုက်ပြန်လေဘူး။ သူက မှန်ကန်တဲ့အရာကိုလုပ်နေတာလားဆိုတာ ကျန်းယွမ်ပိုင်လည်း မသိတော့ပေ။

“ ငါနဲ့အတူတူအတန်းကိုသွားကြမလား? ”
ရှီပုဖန်က ခေါင်းစွပ်နီကောင်မလေးကိုဆွဲဆောင်နေတဲ့ ဝံပုလွေနဲ့လည်းတူသလို စနှိုးဝိုက်ကို အဆိပ်ပန်းသီးစားဖို့ တိုက်တွန်းနေတဲ့ မကောင်းဆိုးဝါးမိထွေးနဲ့လည်းတူလေသည်။
“ သူမင်းကိုမရိုက်ပါဘူး။ တကယ်လို့ သူမင်းကိုရိုက်တယ်ဆိုရင် ငါမင်းကို ငါ့အိမ်ခေါ်သွားမယ် ”

ကျန်းယွမ်ပိုင်ခေါင်းမော့လာတော့ ရှီပုဖန်ကဆက်ပြောသည်။
“ ငါတို့ကအတန်းသွားတက်ကြမှာလေ၊ ရန်သွားဖြစ်မှာမှမဟုတ်တာ။ မင်းကဘာကြောက်နေတာလဲ? ”

ကျန်းယွမ်ပိုင်က ဝေခွဲရခက်အခြေအနေမှာပင်။

ရှီပုဖန် စိတ်ရှည်မှု ကင်းမဲ့သွားကာ ပြောလိုက်သည်။
“ ထားလိုက်တော့ သုံးနှစ်သားလေးချုံးမင်က သူ့မိဘတွေရဲ့စကားကို နားထောင်သင့်တယ်။ ငါအခုသွားတော့မယ် ”

တံခါးပိတ်သံကိုကြားလိုက်ရတဲ့အချိန် ကျန်းယွမ်ပိုင်ရဲ့နှလုံးသားလေးကလည်း အနည်းငယ်လှုပ်ခတ်သွားရသည်။

သုံးနှစ်သားလေးဆိုတာက ဘာကိုဆိုလိုတာလဲ? သူက လူကြီးဖြစ်တော့မှာကို ရှီပုဖန်ရဲ့စကားတွေက အရမ်းအရှက်ရစေတာပဲ သူကစိတ်တိုစရာကောင်းလိုက်တာ

သူ ခဏလောက်ထပ်ထိုင်နေလေပြီး တံခါးအပြင်ကနေ ဘာသံမှမကြားရတော့ပေ။ ရှီပုဖန်တကယ်ထွက်သွားပြီပဲ။

ကျန်းယွမ်ပိုင်က သူ့နဖူးရှေ့ရှိ ဆံပင်ကောက်လေးတွေကို ဆွဲ၍ ဆန့်အောင်လုပ်လိုက်သည်။ သူဆံပင်ကိုလွှတ်လိုက်တာနဲ့ ယင်းက စတင်ပြန်ကောက်သွားပြန်၏။ အခန်းက တိတ်ဆိတ်လွန်းတာကြောင့် ကျန်းယွမ်ပိုင် ဒီထက်ပိုပြီး သူ့ပုံစံကိုမထိန်းသိမ်းထားနိုင်လေတော့ဘူး။ ဆရာတွေရဲ့စာသင်ကြားမှု၊ လက်တွေ့စမ်းသပ်မှုလုပ်ရာကနေ ရရှိတဲ့ပျော်ရွှင်မှု၊ အကြိမ်တိုင်းပထမရနေရာရရှိမှုနှင့် လူတွေက သူ့ကို ဒဏ္ဍာရီလာတစ်ယောက်လိုကြည့်တဲ့အခါခံစားရတဲ့ဂုဏ်ယူမှု..သူအရာအားလုံးကိုလွမ်းသည်။

ကျန်းယွမ်ပိုင်ရဲ့နှလုံးသားလေးက အရှိန်ပြင်းပြင်းခုန်ပေါက်နေပြီး သူလေအနည်းငယ်ရှူသွင်းလိုက်သည်။ သူရုတ်ခြည်းခုန်ထလိုက်ကာ ကျောပိုးအိတ်ကိုဆွဲ၍ ဖိနပ်လဲလိုက်သည်။ သူအပြင်ထွက်ကာ တံခါးပိတ်လိုက်ပြီး ဓာတ်လှေကားထဲဝင်လိုက်၏။

သူ အလွန်အမင်းစိတ်လှုပ်ရှားနေပြီး သူ့လက်ဖဝါးထက်ရှိ ချွေးစက်တို့အား ခံစားနေမိလျက်။ ဓာတ်လှေကားတံခါးပွင့်သွားတာနဲ့ သူ ရှီပုဖန်ကို အပြေးလေးရှာမိသည်။

သူဘာကြောင့် တစ်ဖက်လူကိုရှာမိတာလဲဆိုတာ ဘယ်သူသိမှာလဲ
သို့သော် သူတစ်ယောက်တည်းရှိနေရတာက မလုံခြုံသလို ခံစားရသည်၊ သူ့အဖေက အချိန်မရွေးပေါ်လာပြီး သူ့ကိုလာရိုက်တော့မယ်မလိုပင်။

သူ အဆောက်အအုံထဲက အရှိန်နဲ့ပြေးထွက်သွားချိန် နံရံမှီကာ ရပ်နေတဲ့လူငယ်လေးက ရုတ်ခြည်းခေါင်းမော့လိုက်သည်။ သူက ပြေးထွက်လာတဲ့ပုံရိပ်လေးကို ကြည့်လိုက်ပြီး ရုတ်တရက်ဆိုသလို သူနှုတ်ခမ်းထောင့်ကွေးတက်သွားသည်မှာ ဦးထုပ်နီကောင်မလေးကို အောင်အောင်မြင်မြင် သွေးဆောင်နိုင်လိုက်တဲ့ပုလွေတစ်ကောင်လိုမျိုး၊ ဒါမှမဟုတ် စနှိုးဝှိုက်ကို အဆိပ်ပန်းသီး အောင်အောင်မြင်မြင်ကျွေးလိုက်နိုင်တဲ့မိထွေးအလား။ သူ ဖုန်းကို အိတ်ကပ်ထဲထည့်လိုက်ပြီး အနောက်မှလိုက်သွားလိုက်သည်။

ရှီပုဖန်က တကယ်ကိုမြန်မြန်လျှောက်နိုင်တာပဲ။ ကျန်းယွမ်ပိုင်က ဘတ်စ်ကားဂိတ်ကို ကြည့်လိုက်ရင်း ဟောဟဲလိုက်နေမိသည်။ ယင်းနောက် ကျောင်းကို ဘတ်စ်ကားနဲ့သွားမဲ့သူ့ဆုံးဖြတ်ကို တုံ့ဆိုင်းစွာဖြင့် မေးခွန်းထုတ်နေမိ၏။ ရုတ်တရက် သူ့ပခုံးအပုတ်ခံလိုက်ရတာမို့ အနောက်လှည့်ကြည့်လိုက်တော့ ရှီပုဖန်ရဲ့ချောမောသောမျက်နှာနှင့် တွေ့ဆုံသွားရသည်။

ထူးဆန်းစွာဖြင့် သူ့နှလုံးသားက အေးချမ်းငြိမ်သက်သွားပြီး သူချက်ချင်းတစ်ဖက်ကိုပြန်လှည့်ကာ ဘတ်စ်ကားကိုကြည့်လိုက်သည်။ သူ့လက်ဖဝါးတွေကို ဘောင်းဘီနဲ့ပွတ်တိုက်လိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်၏။

သူတို့ကျောင်းကိုရောက်သွားတဲ့အချိန်မှာ ဒုတိယချိန်တောင်ရောက်နေလေပြီ။ ကျန်းယွမ်ပိုင်က တောက်ပနေတဲ့စာသင်ခန်းထဲမှ စာအုပ်တွေရဲ့ရနံ့ကို တဝကြီးရှူသွင်းလိုက်သည်။ သူပျော်ရွှင်စွာနဲ့ သူ့ကိုယ်သူ စာလေ့လာမှုအခြေအနေထဲ ပစ်သွင်းလိုက်တော့သည်။

ဒီကမ္ဘာမှာ စာလုပ်ရတာထက် သူ့ကို ပိုပြီးပျော်ရွှင်အောင်လုပ်ပေးနိုင်တဲ့အရာမရှိလောက်ပေ။

တစ်ခါတလေမှာ ကျန်းယွမ်ပိုင်က သူကျောင်းပြီးသွားတဲ့အခါမှာ ဘာလုပ်ရမလဲဆိုတာကို စဉ်းစားတွေးပူနေလေ့ရှိသည်။ တကယ်လို့ဖြစ်နိုင်မယ်ဆိုရင် သူတစ်သက်လုံးကျောင်းတက်နိုင်ဖို့ ဆုတောင်းချင်မိသည်။ သူ့အတွက်တော့ ကမ္ဘာကြီးပေါ်ဝယ် ခါးသီးတဲ့အရာတွေအများကြီးရှိပြီး ဗဟုသုတကသာလျှင် ချိုမြိန်ပေ၏။

အတန်းပြီးသွားချိန် ရှီပုဖန်က ရုတ်တရက်ကြီး သူ့ကိုခေါ်လာသည်။
“ မင်းဘာလို့ဒီလောက်မြန်မြန်ပြေးနေရတာလဲ? အိမ်မြန်မြန်ပြန်ပြီး အရိုက်ခံရဖို့ စိတ်အားထက်သန်နေတာလား? ”

ကျန်းယွမ်ပိုင်လည်း အမှန်ကိုအဲ့လိုတွေးနေတာပင်။ သူမြန်မြန်သေလေ မြန်မြန်ပြန်ဝင်စားနိုင်လေပေါ့။ ကျန်းဖျင်ကျင့်က သူ့ကိုမရိုက်ဘူးဆိုရင်တောင် သေချာပေါက်ဆူလိမ့်မည်။

“မစိုးရိမ်ပါနဲ့ ” ရှီပုဖန်က နောက်တစ်ကြိမ် သူ့ကိုစတင်ပြီးbrainwash လုပ်တော့သည်။ “မင်းမိဘနှစ်ယောက်လုံးရောက်တဲ့အချိန်မှ မင်းပြန်သင့်တယ်။ တကယ်လို့ မင်းမားကလည်း မင်းပါးက အရမ်းလွန်လွန်းအားကြီးတယ်လို့ထင်ရင် သူမ သေချာပေါက် သူ့ကိုအပြစ်တင်လိမ့်မယ်။ အဲ့လိုဆို မင်းအိမ်ပြန်ရောက်တဲ့အချိန်ကျရင် မင်းပါးက သူမှားမှန်းသိသွားပြီး မင်းကိုထပ်ဆူမှာမဟုတ်တော့ဘူး ”

ရှီပုဖန်က ကျန်းယွမ်ပိုင်ကို သူ့လက်မောင်းတွေကြားထည့်ထားပြီး ကျန်းယွမ်ပိုင်က မေးခွန်းထုတ်လိုက်သည်။
“ တကယ်လို့ ငါ့မားကပါ သူမှန်တယ်လို့ထင်နေရင် ဘယ်လိုလုပ်မလဲ? ”

“ နည်းနည်းနောက်ကျတဲ့အခါကျရင် မင်းပါးကိုဖုန်းခေါ်ပြီး မင်းအဆောင်မှာနေတော့မယ်လို့ပြောလိုက်။ သူဘာပြန်ပြောလဲဆိုတာကိုကြည့်ရမယ်။ တကယ်လို့ သူက မင်းကိုဆူသေးတယ်ဆိုရင် မင်းအိမ်ကိုလုံးဝပြန်မလာတော့ဘဲ အဆောင်မှာပဲ နေတော့မယ်လို့သာပြောလိုက်။ ဒီနေရာမှာ တစ်ပတ်လောက်နေလိုက်ပေါ့ မင်းအဖေဘယ်လောက်ဒေါသထွက်နေပါစေ အဲ့အချိန်ကျရင် သူ ဒါကိုကျော်သွားပေးလိမ့်မယ်။
တကယ်လို့ သူက မင်းကို ထပ်မဆူတော့ဘူးဆိုရင်တော့ မင်းမားက သူ့ကို အပြစ်တင်ပြောဆိုထားလို့ပဲ။ အဲ့အခါကျ မင်းပြန်ချင်တဲ့အချိန် အိမ်ကိုပြန်လို့ရပြီ ”

ကျန်းယွမ်ပိုင်က အယုံအကြည်သိပ်မရှိဘဲ သူ့ခေါင်းကို ရှီပုဖန်ပခုံးအောက်ကနေ ဖယ်ကာ
“ ဒါဆိုလဲ ငါအိမ်ပြန်ပြီး လေ့ကျင့်ရေးမေးခွန်းအချို့သွားယူလိုက်အုံးမယ်”

“လေ့ကျင့်ရေးမေးခွန်းတွေက ဘာပျော်စရာကောင်းလို့လဲကွာ” ရှီပုဖန်က ခြေလှမ်းကျဲကြီးတွေနဲ့လျှောက်သွားလိုက်ပြီး “ငါ မင်းကိုစားကောင်းတာလေးတွေ လိုက်ကျွေးမယ်လေ”

“ ငါမသွားဘူး ” ကျန်းယွမ်ပိုင်က အတန်းဆီခပ်မြန်မြန်လျှောက်သွားပေမဲ့ ရှီပုဖန်ကိုတော့ မဖယ်ရှားနိုင်ခဲ့။ ရှီပုဖန်မှတ်ဉာဏ်မပျောက်ဆုံးခင်တုန်းက သူက ကျန်းယွမ်ပိုင်ကို အများကြီးမုန်းနေတဲ့အတွက် ကျန်းယွမ်ပိုင်ခမျာ လွန်စွာစိတ်သောကရောက်ခဲ့ရသည်။
သူ့မှတ်ဉာဏ်တွေဆုံးရှုံးပြီးတဲ့နောက်မှာ သူ ဘာလို့ သူ့ကို ဒီလိုမျိုးဆက်ဆံရတာလဲ? အဲ့ဒါက ထူးဆန်းတယ်လို့ သူမထင်မိဘူးလား?

အတန်းထဲမှာ လူတောင်မရှိတော့ပေ။ ညနေခင်းစာကြည့်ချိန်မစခင် လူတိုင်းက သူတို့လုပ်ချင်ရာကို လုပ်ကြရန် အဆောင်သို့ပြန်သွားကြလေသည်။

ကျန်းယွမ်ပိုင်က လေ့ကျင်ရေးမေးခွန်းတွေကို စားပွဲပေါ် တင်နေစဉ် ရှီပုဖန်က သူ့မျက်နှာချင်းဆိုင်မှာ ဝင်ထိုင်ကာ မေးထောက်ထားလျက်။
“ ဒီလေ့ကျင့်ရေးမေးခွန်းတွေက မင်းအတွက် စားကောင်းသောက်ဖွယ်တွေထက်ပိုပြီး ဆွဲဆောင်မှုရှိတယ်ပေါ့?”

“ စားကောင်းသောက်ဖွယ်တွေက င့ါကိုခဏတာပဲကျေနပ်စေတယ်။ ဒါပေမဲ့ ဗဟုသုတတွေက ငါ့တစ်ဘဝလုံးကို ကျေနပ်ဖွယ်ရာဖြစ်စေမှာ” ကျန်းယွမ်ပိုင်က ဘောပင်ထုတ်ရင်း ခဏလောက်တန့်သွားကာ ခေါင်းမော့၍ မေးလိုက်သည်
“ မင်းယဲ့လျန်နဲ့အခြားသူတွေကို သွားမရှာဘူးလား ”

ယဲ့လျန်နဲ့အခြားသူတွေက ရှီပုဖန်အတွက် လက်စားသွားချေမယ်လို့ပြောပြီး နောက်ဆုံးအချိန်ကို မတက်ကြတာသူမှတ်မိသည်။ ယင်းကြောင့် သူတို့က ရှန်းစန်းကိုသွားပြီး ဟိုကောင်တွေကို သွားစောင့်နေကြတာဖြစ်မည်။

“ မင်းဘာတွေတွေးပူနေတာလဲ? သူတို့ အဲ့ဒါကိုကိုင်တွယ်နိုင်ပါတယ်” ရှီပုဖန်က ဖုန်းကိုကြည့်နေပြီး ကျန်းယွမ်ပိုင်လည်း စာဆက်လုပ်ဖို့ ရှက်ကိုးရှက်ကန်းဖြစ်သွားရသည်။ သူစာရေးနေတာကိုရပ်လိုက်ပြီး
  မင်းဘာလို့စားကောင်းသောက်ဖွယ်တွေ သွားမစားတာလဲ? ”

“ငါ့ဘာသာသွားစားရမှာလား? မင်းကိုပဲကြည့်နေလိုက်တော့မယ် ”

ကျန်းယွမ်ပိုင်ခေါင်းငုံ့လိုက်ပြီး သူ့အံဆွဲထဲမှ လေ့ကျင့်ရေးစာရွက်တစ်ရွက်ကို ဆွဲယူလိုက်ကာ
“ ဒါက စာမေးပွဲရဲ့နောက်ဆုံးစာမျက်နှာပဲ။ မင်းဒါကိုလုပ်လို့ရတယ် ”

ရှီပုဖန်ရပ်တန့်သွားပြီး ဒါက ကျန်းယွမ်ပိုင်အနေနဲ့ သူ့ကို တစ်ခုခုပေးတဲ့ပထမဆုံးအကြိမ်မှန်းတွေးမိသွားတော့ သူ ၎င်းကို ရက်ရက်ရောရောလက်ခံလိုက်သည်။
“ ငါနားမလည်တာရှိရင် မင်းကိုမေးလို့ရလား? ”

“ အွန်း ” ကျန်းယွမ်ပိုင်ပျော်ရွှင်စွာဖြေလိုက်၏။

နှစ်ယောက်သားက ခေါင်းတွေငုံ့ကာ လေ့ကျင်ရေးမေးခွန်းတွေပြီးဖို့ အာရုံစိုက်ထားကြ၏။ ရှီပုဖန်က သူ့နားဖျားလေးကိုမကြာမကြာထိတတ်ပြီး သူစဉ်းစားနေချိန်မှာ မကြာခဏလုပ်တတ်တဲ့အရာပင်။ ကျန်းယွမ်ပိုင်လည်း အဲ့အကျင့်လေးကို သတိထားမိသည်။ ရှီပုဖန်နားမလည်တဲ့ပုစ္ဆာတွေအများကြီးရှိတာမို့ နှစ်ဦးသားက ပြီးဖို့အတွက် အချိန်တော်တော်ယူလိုက်ရသည်။ သူ့ဖုန်း ရုတ်တရက်ထမြည်လာတဲ့အချိန်မှာ ရှီပုဖန်က စာမျက်နှာရဲ့တစ်ဝက်တောင်မပြီးသေးပေ။

ဖုန်းဖြေပြီးတဲ့နောက် ရှီပုဖန်က မျက်ခုံးပင့်လိုက်ပြီး
“ အိုခေ ငါသိပြီ။ ငါလာမှာကိုစောင့်နေ ”

သူစာရွက်တွေကို ဘေးပို့၍ ပြောလိုက်သည်။
“ ငါနဲ့လိုက်ခဲ့ ”

သူက ယင်းကို သြဇာအပြည့်ဖြင့်ပြောလိုက်တာက ကျန်းယွမ်ပိုင်ကို တီးတိုးလေးမေးမိသွားစေသည်။
“ ငါတို့ဘယ်သွားကြမို့လဲဟင်? ”

“ ကမ္ဘာကြီးကို ကြည့်ရအောင်မင်းကိုခေါ်သွားမို့ ”

ကျန်းယွမ်ပိုင်က အခန်းအပြင်ထိဆွဲခေါ်ခံရပြီး သူတို့ကျောင်းတံခါးအပြင်ကို လမ်းလျှောက်သွားကြသည်။ သူတို့ ရှီပုဖန်မတော်တဆဖြစ်တဲ့ဆင်ခြေလျောကို ကျော်သွားကြတော့ ကျန်းယွမ်ပိုင် ရှီပုဖန်ရဲ့အမူအရာကို အလိုအလျောက်ကြည့်လိုက်မိသည်။ ရှီပုဖန်က ဘာမှမတုံ့ပြန်ဘဲ သူ့ကိုသာဆက်ဆွဲခေါ်သွား၏။

သူတို့ သစ်တောအုပ်ငယ်လေးတစ်လျှောက်လုံးသွားပြီးတဲ့အခါမှာ ကျန်းယွမ်ပိုင်က ရုတ်ခြည်းရပ်လိုက်သည်။ ရှီပုဖန်က သူ့ကိုထပ်ပြီးဆွဲလို့မရတော့တာကြောင့်မေးလိုက်သည်။
“ ဘာဖြစ်လို့လဲ?”

“ ငါတို့ဘာလို့ဒီကိုလာရတာလဲ?”

“ မင်းရောက်သွားတာနဲ့သိပါလိမ့်မယ် ”

ကျန်းယွမ်ပိုင်လည်းဘာမှမတတ်နိုင်ဘဲ မီတာအနည်းငယ်လောက် ထပ်ပြီးလမ်းလျှောက်လိုက်သည်။ ကြွေကျနေတဲ့သက်ရွက်လေးတွေက နေဝင်ဆည်းဆာရဲ့အဝါရောင်ဖျော့ဖျော့နဲ့ ပနံသင့်လို့နေလျက်။ ကျန်းယွမ်ပိုင်က သူတို့ရှေ့ရှိ မြေပြင်ပေါ်မှာထိုင်နေကြတဲ့ ရှန်းစန်းအထက်တန်းကျောင်းကကောင်လေးတွေကို ကြည့်လိုက်သည်။ ယဲ့လျန်က သစ်ပင်ကိုမှီပြီးဂိမ်းဆော့နေချိန် ချုံးကျင့်နဲ့မင်မိုင့်က သူတို့ကိုစိုက်ကြည့်နေလျက်။

“ ရှီကော!” ချုံးကျင့်ဘာမှမပြောရသေးခင်မှာပဲ ထိုကောင်လေးက ရှီပုဖန်အား ပြုံးပြလာသည်။
“တောင်းပန်ပါတယ်။ ကျွန်တော်က စည်းမျဉ်းတွေကို မသိလို့ပါ အစ်ကို့ကို စနောက်ဖို့အတွက် ကျွန်တော် လူအများကြီး မလွှတ်လိုက်သင့်ဘူး။ ကျွန်တော်တောင်းပန်ပါတယ်၊ တကယ်ပါ”

ရှီပုဖန်က နှာခေါင်းရှုံ့လိုက်ပြီး သူ့နောက်မှ ကျန်းယွမ်ပိုင်အား ဆွဲခေါ်ရင်း ပြောလိုက်သည်။
“ မင်း ငါ့ကိုရိုက်မယ်ဆို အဆင်ပြေတယ်။ ဒါပေမဲ့ မင်းက ငါ့အသက်သခင်ကို ရိုက်တယ်ဆိုရင်တော့ ကွဲပြားခြားနားတဲ့ဇာတ်လမ်းတစ်ခုဖြစ်သွားပြီ မင်းနားလည်လား? ”

“ တောင်းပန်ပါတယ် တောင်းပန်ပါတယ် ” ကောင်လေးက သွက်လက်ချက်ချာစွာဖြင့် “ချုံးမင်ကော၊ ကျွန်တော့်အမှားပါ ကျွန်တော်တောင်းပန်ပါတယ်။ နေ့လယ်တုန်းက အရာရှိစုန့်က ကျွန်တော့်ကိုစကားလာပြောသွားပြီး…ကျွန်တော် စာလုံးရေတစ်သောင်းရှိတဲ့သုံးသပ်စာကို ရေးရအုံးမယ်။ ကျွန်တော့်မှာ အချိန်တစ်ရက်ပဲရှိတာမို့ ကျေးဇူးပြုပြီး ကျွန်တော့်ကိုလွှတ်ပေးပါနော် ”

ဒီဟာက လူ့အဖွဲ့အစည်းမှာ “ကော”လို့အခေါ်ခံရတာ ကျန်းယွမ်ပိုင်အတွက် ပထမဦးဆုံးအကြိမ်ပင်။ သူ့ခြေထောက်တွေ ပျော့ခွေလာပြီး ရှီပုဖန်ရဲ့နောက်မှာ ဆတ်ခနဲဝင်ပုန်းလိုက်သည်။ သို့ပေမဲ့လည်း ရှီပုဖန်က သူ့ကို ထပ်မံဆွဲထုတ်ပြန်ကာ ပြောလာ၏
“ မင်းက ဘာကိုကြောက်နေတာလဲ? ဒီမနက်တုန်းက သူမင်းကို “ကျန်းရှာမောင့်”လို့ခေါ်တာကို မင်းမေ့သွားပြီလား? သူ့ကိုစိတ်ကြိုက်ဆူပူဆဲရေးလိုက် ”

ယဲ့လျန်က ခေါင်းမော့လာပြီး ချုံးကျင့်နဲ့မင်မိုင့်လည်း စိတ်ရှုပ်ထွေးသွားသည်။
“ နေပါအုံး ရှီကောရဲ့ မင်းသူ့ကိုမရိုက်ဘူးလား? ”

“ အရင်ဆုံးပါးစပ်ပိတ်ထား ” ရှီပုဖန်က ကောင်လေးကို ညွှန်ပြကာ ကျန်းယွမ်ပိုင်ကိုပြောလိုက်သည်။
“သူ့ကိုဆဲပြီးကြိမ်းမောင်း”

ကျန်းယွမ်ပိုင်က အဲ့ကောင်လေးကို ဘယ်လိုလုပ်ဆဲရဲမှာတုန်း ရှီပုဖန်က သူ့ကိုတမင်တကာပြဿနာရှာနေတာလို့ တွေးနေမိ၏။
သူ အဲ့ကောင်လေးကို ကြိမ်းမောင်းလိုက်လို့ တစ်ဖက်ကမကျေနပ်ဘဲ နောက်ပိုင်းသူတစ်ယောက်တည်းရှိနေတဲ့အချိန် သူ့နောက်လိုက်လာရင် ဘယ်လိုလုပ်မလဲ?

“ မင်း သူ့ကိုမဆဲရင် ငါမင်းအတွက် သူ့ကိုထိုးပစ်မယ် ” ရှီပုဖန်က သူ့အင်္ကျီလက်တွေကို ခေါက်တင်လိုက်တော့ ကောင်လေးရဲ့မျက်နှာက ဖြူဖျော့သွားသည်။
“ ချုံးမင်ကော! ကျန်းကော! ကျေးဇူးပြုပြီး ကျွန်တော့်ကို စိတ်ကြိုက်အပြစ်တင်ဆဲရေးလိုက်ပါ ကျွန်တော် မင်းကို ပြဿနာလုံးဝမရှာပါဘူး။ ကျွန်တော် စည်းမျဉ်းတွေကို သိပါတယ် ဒါကြောင့်မို့ ကျွန်တော့်ကို ဆဲလိုက်ပါနော်! ”

ရှီပုဖန်က ကျန်းယွမ်ပိုင်ကို လှည့်ကြည့်လိုက်တော့ တစ်ဖက်လူက ဒဏ်ရာရနေတဲ့ကောင်လေးကို စိုက်ကြည့်နေသည် အဲ့နောက် ရှီပုဖန်ရဲ့နဖူးပေါ်က ဒဏ်ရာကိုကြည့်သည်။ သူ့ဒေါသတွေပေါက်ကွဲသွားပြီး ပြတ်ပြတ်သားသားပြောလိုက်သည်
“ မင်း...မင်းကအကျင့်မကောင်းတဲ့ကောင်ပဲ! ”

သူကောင်းကောင်းဆဲလိုက်ပြီလို့ တွေးမိကာ ရှီပုဖန်ကိုလည်း လွန်စွာကျေးဇူးတင်မိပေမဲ့ သူအခုတော့နည်းနည်းကြောက်လာလေပြီ။ သူသိမ်မွေ့စွာပြောလိုက်၏
“ ငါဆဲပြီးပြီ သူ့ကိုပြန်လွှတ်လိုက်တော့လေ”

ရှီပုဖန်က အသံတိတ်နေလျက်။

“ ဖွီး ” ယဲ့လျန်က ကျယ်လောင်စွာရယ်မောကာ “ ရှီကောရေ ဒါကလုံးဝကောင်းမနေဘူးနော်။ မင်းသူ့ကိုသင်ပေးဖို့လိုသေးတယ်”

ချုံးကျင့်က “ f*uck youလို့ပြောလိုက်!”

မင်မိုင့်: “ငါပြောသလိုလိုက်ပြော ‘ခွေးသား’လို့ !”

ကျန်းယွမ်ပိုင်ကဘာမှမပြောပေ။ သူဘယ်လိုပြောရမယ်မှန်း မသိတာကြောင့်မဟုတ်ဘဲ ဒီနေ့ပြောလိုက်တာကြောင့် တစ်နေ့မှာ ဆေးရုံပေါ်ရောက်သွားတာနှင့် အဆုံးသတ်သွားမှာစိုးလို့ပင်။ သူ့မှာ သက်တမ်းအရှည်ကြီးကျန်သေးတာမို့ တစ်စုံတစ်ယောက်ကို ဆဲလိုက်တာကြောင့် ခြေကျိုးလက်ကျိုးဖြစ်ရမှာက တကယ်ကို မထိုက်တန်လှပေ။

ချုံးကျင့်က ဆက်ပြောသည် “ သူ့ကိုသောက်ရူးလို့ခေါ်လေ!”

မင်မိုင့်ကလည်းပဲသင်ပေးပြန်သည် “သူ့သားမှာ မ‘ထောင်’နိုင်တဲ့ချို့ယွင်းချက်ရှိနေတယ်လို့ ဆဲလိုက်!”

ယဲ့လျန်ကတော့ အတော်လေးကြင်နာပြီး ကျန်းယွမ်ပိုင်ကို နားလည်တာကြောင့်
“ မင်းဘယ်လိုဆဲရမယ်မှန်းမသိလဲ ရပါတယ်…ရှီကော သူ့ကို ရိုက်တာကို သွားကူပေးလိုက်ပေါ့ ”

ကောင်လေးရဲ့မျက်လုံးတွေက ပြူးကျယ်သွားကာ မော့ကြည့်လာသည်။ ကျောင်းသားကောင်းတွေက ကျောင်းသားကောင်းတွေပါပဲ အံ့သြစရာမရှိဘူး။ တစ်ယောက်ယောက်ကို ဆဲတာတောင်မှ သင်ပေးဖို့လိုပြီး အခြားတစ်ယောက်ကို ရိုက်ဖို့အတွက်လည်း အားပေးနေရသေး၏။

ရှီပုဖန်က ကျန်းယွမ်ပိုင်၏ဖြူဖျော့နေတဲ့မျက်နှာလေးကို ကြည့်လိုက်ပြီး တစ်ခဏအတွင်း ပြောလိုက်သည်
“ သူ့ကိုမင်းကိုယ်တိုင်ရိုက်မလား? ဒါမှမဟုတ် ငါ့ကို ကူညီပေးစေချင်လား? ”

ကောင်လေးက တုန်ယင်သွားကာ အော်တော့သည်
“ ကျန်းကော ချုံးမင်ကောရေ ကျွန်တော့်ကိုရိုက်ပါ ကျေးဇူးပြုပြီးကျွန်တော့်ရိုက်ပါနော်!”

***

စာရေးသူမှာ ပြောစရာရှိတယ် :

ရှီကော : ချုံးမင်ကောကော?

ယွမ်ယွမ် : မင်း…မင်း အဲ့လိုမခေါ်နဲ့

အတိတ်မေ့နေသောကျောင်းလူဆိုးလေးနှင့်ဟန်ဆောင်တွဲခြင်း[မြန်မာဘာသာပြန်](Completed) Where stories live. Discover now